ဗုံးခွဲခံရလို့သေဆုံးခဲ့တဲ့ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးကို နေရပ်မြို့ကြို့ပင်ကောက်မှာသင်္ဂြိုဟ်

ဗုံးခွဲခံရလို့သေဆုံးခဲ့တဲ့ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးကို နေရပ်မြို့ကြို့ပင်ကောက်မှာသင်္ဂြိုဟ်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံရမှုမှာ သေဆုံးခဲ့တဲ့ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးကို နေရပ်မြို့ဖြစ်တဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) ကြို့ပင်ကောက်မြို့ မှာ မေလ ၁၁ ရက် ဒီကနေ့ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးမှာ ဗုံးပေါက်ကွဲမှုကြောင့် ဆေးကုသမှုခံယူနေစဉ် မေလ ၉ ရက်နေ့မှာ သေဆုံးသွားခဲ့လို့ သူ့ရဲရုပ်အလောင်းကို နေရပ်ဖြစ်တဲ့ ကြို့ပင်ကောက်မြို့၊ ပန်းတင်ရပ်ကွက် ဥယျာဉ်လမ်းနေအိမ်ကိုပြန်လည်သယ်ဆောင်ကာ သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။


"ရဲမှူးကကျုံပျော်မှာဗုံးခွဲခံရတဲ့ဒဏ်ရာကို စစ်ဆေးရုံမှာကုသနေတုန်း ၉ ရက်နေ့ မနက်ကသေလို့ ကြို့ပင်ကောက်၊ ဥယျာဉ်လမ်းက သူ့အိမ်ကိုကားနဲ့ပြန်သယ်တာ။ ဒီနေ့နေ့လယ် ၁ နာရီက အောင်ဒင်လမ်း မြို့မသုဿန်မှာသင်္ဂြိုဟ်ပြီးပြီ" လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲမှူးကျော်မိုးက အုတ်ဖိုမြို့ဇာတိဖြစ်ပြီး စစ်အာဏာမသိမ်းခင်က ကြို့ပင်ကောက်မြို့မရဲစခန်းကနေတဆင့် ရန်ကုန်တိုင်းအတွင်းပြောင်းရွှေ့သွားပြီးတဲ့နောက် အာဏာသိမ်းပြီးနောက်မှာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ကို ပြောင်းရွှေ့ရောက်ရှိသွားသူဖြစ်ကာ ကြို့ပင်ကောက်မြို့မှာအခြေချနေထိုင်နေတာလို့ သိရပါတယ်။

ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးဟာ မေလ ၇ ရက် မနက်ပိုင်းက ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်စစ်ဆေးစဉ် သူရောက်ရှိချိန်မှာ ဗုံး ၂ လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာဖြစ်ကာ ကျုံပျော်ဆေးရုံကတဆင့် စစ်ဆေးရုံမှာ ဆေးကုသနေရင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဲမှူး ကျော်မိုးဟာ သေဆုံးချိန်မှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့အတူ သားသမီး ၃ ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10