"ဘာသာခြားကို ပိုဖိနှိပ်တဲ့ငရဲခန်းကိုဖြတ်ကျော်ပြီး အမှန်တရားဘက် ဆက်လက်ရပ်နေသူ"

"ဘာသာခြားကို ပိုဖိနှိပ်တဲ့ငရဲခန်းကိုဖြတ်ကျော်ပြီး အမှန်တရားဘက် ဆက်လက်ရပ်နေသူ"

၂၀၂၁ ခုနှစ် မတ်လအတွင်း နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတခုမှာ စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း ဆန္ဒပြနေတဲ့ လူအုပ်ကြီးကြားကို မျက်ရည်ယိုဗုံး ပစ်ထည့်လိုက်ပြီး ရဲနဲ့စစ်သားတွေဟာ သေနတ်တွေ ပစ်ဖေါက်ကာ လူအုပ်ကြားထဲ ပြေးဝင်လာနေပါတယ်။

သေနတ်သံတွေ၊ မျက်ရည်ယိုဗုံးတွေ အသံဗုံးပေါက်ကွဲသံတွေနဲ့အတူ မတရားမှုကို ဆန္ဒပြနေတဲ့ လူကြီးလူငယ်တွေ အော်ဟစ်ပြေးလွှားနေသလို အပစ်အခတ်တွေကို ဒိုင်းတွေကိုင်ပြီးကာပေးနေတဲ့ လူငယ်တွေအားလုံးလည်း စတင်ပြေးလွှား နေရပါတယ်။

ပြေးလွှားနေတဲ့သူတွေကြားထဲ ကိုအောင်နိုင်မြင့်(အမည်လွှဲ)လည်း အပါအဝင်ပါ။ ကိုအောင်နိုင်မြင့်ဟာ ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေ ဒိုင်းကိုင်ရင်း ဆန္ဒပြပြည်သူတွေကို ကာကွယ်ပေးတဲ့ အသားခပ်ညိုညို အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ ဟိန္ဒူဘာသာဝင် လူငယ်တဦးပါ။

“ဆန္ဒပြပွဲမှာ ပြေးရင်းဖမ်းခံခဲ့ရတာပါ။ သူငယ်ချင်းတွေနဲ့လည်း လူစုကွဲပြီး တယောက်တည်းပါသွားတာ။ ကျနော် ရောက်တာနဲ့ ဖုန်းကိုသိမ်းလိုက်ပြီး ပြန်မပေးဘူး။ တချို့တွေ အင်းစိန်ထောင်မပို့ခင် အချုပ်ကျနေတုန်း လိုက်လာတဲ့ မိဘတွေရှိတော့ နေ့ချင်းပြန်လွတ်တာတွေတော့ ရှိတယ်။ ကျနော်တို့ကတော့ လုံးဝဘာမှပေးမပြောဘူး။ တခုခုပြောဖို့လုပ်လိုက်ရင် စစ်သားတွေက အသားရောင်နဲ့ ပုံစံကိုကြည့်ပြီး ဟဲ့ကုလား နေအုံးဆိုပြီး စကား ပေးမပြောဘူး” လို့ ဟိန္ဒူဘာသာဝင် ကိုအောင်နိုင်မြင့်က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဟိန္ဒူဘာသာဝင် ကိုအောင်နိုင်မြင့်ဟာ စစ်ကြောရေးကနေ နောက်ဆုံးအင်းစိန်ထောင်ထိ ရောက်သွားခဲ့ပါတယ်။

“နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ပုဒ်မတက်ပြီး အကျဉ်းထောင်ထိရောက်သွားတာ နှစ်ပတ်လောက်ကို ကြာတယ်။ အဲ့ဒီအချိန်မှ မိသားစုနဲ့လည်း အဆက်အသွယ်ရတယ်။ မိဘတွေကတော့ တငိုငိုတရယ်ရယ်ပေါ့။ ပျောက်လို့ လိုက်ရှာနေတာ” လို့ ဆန္ဒပြနေစဉ် မတရားဖမ်းဆီးခံရပြီး ထောင်တွင်း ၆ လနီးပါးနေခဲ့သူ ကိုအောင်နိုင်မြင့်က ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ မွတ်ဆလင်နဲ့ ဟိန္ဒူအစရှိတဲ့ ဘာသာခြားတွေကို အကျဉ်းထောင်နဲ့ စစ်ကြောရေးတွေမှာ တခြားသော နိုင်ငံရေးအကျဉ်းသားတွေထက် ပိုမိုညှင်းပမ်းနှိပ်စက်ခံနေရတာပါ။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဆို အငြိုးအတေးနဲ့ နှိပ်စက်ခံနေရတာတွေရှိနေပြီး လူမျိုးကွဲဆို ပိုမိုအနှိပ်စက်ခံ အနိုင်ကျင့်ခံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အပါအဝင် လူအခွင့်အရေးအဖွဲ့အစည်းတွေက စစ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။

ကိုအောင်နိုင်မြင့်က “အင်းစိန်ထောင်ကို မရောက်ခင် စစ်ကြောရေး ရောက်ရောက်ခြင်း ကျင်စက်၊ နံပါတ်တုတ်တွေနဲ့ ရိုက်တာတွေ လုပ်တယ်။ ကာရင် ပိုရိုက်တယ်။ လေးခွတွေနဲ့ ပစ်တယ်။ အသားအရေ လူမျိုးရေးနဲ့ ပတ်သတ်ပြီး မိုက်ရိုင်းတာတွေပြောဆို ဆက်ဆံတယ်။ ရိုက်ရင်း လက်လွန်ပြီး နဖူးကွဲ၊ ခေါင်းကွဲသူတွေ အများကြီးပဲ။ ကျနော်တို့ အပါအဝင်ပေါ့။ ထောင်တွင်းနေရတဲ့ ရက်တွေက ငရဲလိုပါပဲ” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်မှု ပိုများလာခဲ့ပါတယ်။ အကျဉ်းသားတွေကို နှိပ်စက်ညှင်းပမ်းတာတွေအပြင် စစ်ကောင်စီတပ်တွေက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးကိုရောက်ရှိတဲ့အခါ ဘာသာမတူ လူမျိုးမတူ လိင်စိတ်ခံယူမှု မတူတဲ့သူတွေကို ပုံမှန်ထက်ပိုပြီး နှိပ်စက်ခွဲခြားတာတွေပြုလုပ် LGBT Alliance Myanmar ကတာဝန်ခံ လူငယ်တဦးက ပြောပါတယ်။

“လူငယ်တွေက ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံရေးမှာ ပါဝင်ခဲ့ကြတယ်။ အသားရောင်မတူ ဘာသာမတူသူနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေကို ပိုအငြိုးထား နှိပ်စက်တာတွေ ပြုလုပ်နေတာပါ။ ထောင်ထဲမှာရှိတဲ့ တာဝန်ခံအမှုထမ်း၊ အရာထမ်းတွေကိုယ်တိုင်က ထောင်တွင်းမှာ ဘာသာမတူ အသားရောင်မတူတဲ့ သူတွေနဲ့ LGBT တွေကို နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်တာ၊ အဓ္ဓမပြုကျင့်တာ စအိုကို တုတ်နဲ့ထိုးတာ အစရှိတဲ့ လူမဆန်တဲ့နည်းလမ်းတွေနဲ့ နှိပ်စက်တာတွေ လုပ်နေတာပါ” လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာ၊ စစ်ကြောရေးမှာ သေဆုံးတာ၊ မတရားတိုက်ပိတ်ခံရတာတွေနဲ့ ထောင်ပြောင်းရွှေ့ခံရတဲ့သတင်းတွေ မကြာခဏ ထွက်ပေါ်နေတာပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးကိုအကြောင်းပြပြီး ခွဲခြားဆက်ဆံမှုတွေကို စစ်အစိုးရလက်ထက်မှာ ပိုမိုပြုလုပ်လာခဲ့တာဖြစ်ပြီး ခွဲခြားဆက်ဆံမှူတွေက အကျဉ်းစခန်း၊ အကျဉ်းထောင်တွေမှာတင်မဟုတ်ဘဲ နေရာတိုင်းမှာလိုလို ဖြစ်နေတာပါ။ အကျဉ်းထောင်လို နေရာကတော့ ခွဲခြားဆက်ဆံခံရတာ အမြင့်ဆုံးပဲလို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ကျနော် စစ်ကြောရေးမှာရှိနေတုန်းက ကျနော့လို အသားရေမတူကွဲပြားတဲ့သူတွေကို သိသိသာသာ ခွဲခြားခံရပါတယ်။ ဘာသာခြားအမျိုးသမီးငယ်လေးတွေကိုဆို ကုလားမဆိုပြီး ထိကပါးရိကပါးပြောတာတွေ LGBT တွေကိုဆိုရင်လည်း အခြောက်မဆိုပြီး ဆဲဆိုရိုက်နှက်တာတွေကို ကိုယ်တိုင် မြင်ခဲ့ ကြားခဲ့ ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ထောင်တွင်းက ခွဲခြားဆက်ဆံခံရမှု အမြင့်ဆုံးနေရာပဲ” လို့ ကိုအောင်နိုင်မြင့်က သူ့တွေ့ကြုံခဲ့ရတာတွေကို ပြောပါတယ်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (BHRN) ၏ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံအဝှမ်း ၃,၂၈၅ ဦး သတ်ဖြတ်ခံထားရပြီး အမျိုးသမီး ၃၇၄ ဦး၊ အမျိုးသား ၂,၉၀၉ ဦးအပြင် LGBT နှစ်ဦးပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ ဖိနှိပ်မှုတွေ စစ်ကြောရေးမှာ လူမသိသူမသိနှိပ်စက်ခံရပြီး သေဆုံးသွားသူတွေ အများကြီးရှိခဲ့ပါတယ်။

ပြည်မြို့က ၂၀၂၁ မေလ ၄ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျေး (ခ) ကိုအောင်ခိုင်မြင့်ဆိုတဲ့ ဟိန္ဒူဘာသာဝင်အမျိုးသားတဦးဟာလည်း နောက်တနေ့မှာ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရသူ တဦး ဖြစ်ပါတယ်။

မေလ ၄ ရက် ညပိုင်းမှာ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျေးဟာ မနေ့က ညပိုင်းမှာ သေဆုံးသွားခဲ့တယ်ဆိုတာ မိသားစုဝင်တွေကို ဆက်သွယ်လာခဲ့လို့ ပြည်မြို့ကုတင် ၁၀၀ စစ်ဆေးရုံကို သွားရောက်ခဲ့ပေမယ့် အလောင်းကို ကြည့်ခွင့်သာရခဲ့ပြီး အိမ်ပြန်သယ်လာခွင့်မရခဲ့ပါဘူး။

ကို‌ကျေး (ခေါ်) ကိုအောင်ခိုင်မြင့်ရဲ့ အလောင်းကို ရင်ခွဲထားတာတွေ့ရပြီး ရိုက်နှက်ထားတဲ့ ဒါဏ်ရာတွေလည်း မျက်နှာတဝိုက်မှာ တွေ့ခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ကိုကျေးတို့မိသားစုဟာ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ ထုံးထမ်းစဉ်လာအရ သင်္ဂြိုလ်ခွင့်တောင်းကြည့်ခဲ့ပေမယ့်လည်း ခွင့်မပြုကြောင်း မျက်နှာကလွဲပြီး ကြည့်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

အလောင်းကို ပြန်ခေါ်သွားခွင့်မပြုခဲ့သည့်အပြင် စစ်ကောင်စီကပဲ မြေမြှုပ်သင်္ဂြုလ်မှာဖြစ်လို့ မိသားစုများက မြေမြှုပ်သင်္ဂြိုလ်ခြင်းကိုပါ လိုက်ကြည့်ခွင့်‌တောင်းပေမယ့် မရခဲ့ဘူးလို့ ပြောပါတယ်။

မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့ညမှာပဲ ရိုက်နှက်ခံရလို့ သေဆုံးသွားတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုကျေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်တွင်းမှာ ရဟန်းခံပြီး ရန်ကုန်မြို့ကနေ ပြည်မြို့ကို ပြန်ရောက်လာတာ မကြာသေးကြောင်းနဲ့ ကိုကျေးကို စစ်ကောင်စီက ပြည်မြို့က အင်းဝဘဏ် ဗုံးပေါက်ကွဲမှု သံသယရှိတာကြောင့် မေလ ၄ ရက်ညမှာပဲ နဝင်းကွက်သစ် ၁၂ လမ်းထဲကနေအိမ်မှာပဲ လာရောက် ရိုက်နှက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဖြစ်ရပ်တွေကို နိုင်ငံတကာက သိမြင်လာအောင်လုပ်ဖို့ လိုတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့ ကလည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာလို့ ထုတ်ပြန်ထားပါတယ်။ (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပြည်သူ ၁၅,၈၈၃ ဦး ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက ၄၃၃၇ ဦးက ထောင်ဒဏ်အသီးသီး ချမှတ်ခံထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဖမ်းဆီးခြင်းခံရပြီးနောက် ၂၄ နာရီအတွင်း သေဆုံးသူ (သို့မဟုတ်) စစ်ကြောရေးအတွင်း ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသူ ၃၇၉ ဦးရှိပြီဖြစ်ကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Human Rights Network (BHRN) ကလည်း ထုတ်ပြန်ထားပါတယ်။

ငရဲခန်းလို အချုပ်ခန်းက ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ပြီး ရန်ကုန်မြို့တွင်းမှာ UG အနေနဲ ရပ်တည်ခဲ့သလို ထောက်ပို့အနေနဲ့ပါ တနှစ်နီးပါးနေထိုင်ရင်း လက်ရှိမှာတော့ နယ်စပ်တစ်နေရာပြောင်းရွေ့လာခဲ့ပြီး တော်လှန်ရေးအတွက် ဆက်လက်ပါဝင်နေတယ်လို့ ကိုအောင်နိုင်မြင့်က ဆိုပါတယ်။

“တော်လှန်ရေး နှစ်နှစ်နီးပါးကြာလာတော့ စစ်ကောင်စီက တရားဖိနှိပ်မှုတွေကြောင့် ဆန္ဒပြပွဲတွေက တဖြေးဖြေးနဲ့ နည်းသထက်နည်း လာနေပါတယ်။ မြို့ပြတွေမှာ ပြောက်ကျားပုံစံနဲ့ ဆက်သွားနေပေမယ့် ကျနော့်အတွက်တော့ ၂၀၂၁ ခုနှစ် ဆန္ဒပြနေတဲ့အချိန်မှာ တွေ့ကြုံခဲ့ရတဲ့ ပစ်ခတ်မှုတွေ၊ အော်ဟစ်အသက်လုပြေးခဲ့ရတဲ့အချိန်တွေ၊ ဆန္ဒပြပွဲမှာ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားတဲ့လူငယ်တွေ၊ ကိုယ်တိုင်ဖမ်းဆီးခံရပြီး ဖိနှိပ်မှုခံရတဲ့အချိန်တွေက မေ့မရနိုင်တဲ့ အိမ်မက်ဆိုးတွေလိုပါပဲ” လို့ သူကဆိုပါတယ်။

လူငယ်တွေက မတရားမှုကို လက်မခံတာ မတူကွဲပြားမှုတွေကို တော်လှန်မယ့် စိတ်ဓါတ်တွေက အားလုံးထပ်တူညီပါပဲ။ အဆုံးထိ အမှန်တရားအတွက် တိုက်ပွဲဝင်နေမှာပါလို့ ကိုအောင်နိုင်မြင့်က ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10