ဘီယာဝယ်ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ဘီယာဝယ်ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က အုပ်စုအုပ်ချုပ်ရေးမှူးတဦးကို ဧပြီ ၁၅ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ကျေးရွာအုပ်စု၊ မကျီးစင်ရွာမှာနေထိုင်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး အသက် ၃၀ နှစ်အရွယ် ကိုလင်း‌အောင်ကို မကျီးစင်ရွာဝန်းကျင် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းရှိ DENKO ဆီဆိုင်အနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“အရက်ဆိုင်ကနေ ဘီယာဝယ်ပြီး ဆိုင်ကယ်နဲ့အထွက်ကို ပစ်လိုက်တဲ့အချိန်မှာ လက်ပြင်တဝိုက်ကို သုံးချက်မှန်ပြီး အတင်းမောင်းပြေးတာ။ နောက်ကနေလိုက်ပြီး ထပ်ပစ်တာ ပွဲချင်းပြီးသေသွားတယ်”လို့  လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်အပြီး အလောင်းကိုစစ်ကောင်စီဘက်က အင်အား ၂၀ ဝန်းကျင်နဲ့လာသယ်ပြီး သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဧပြီလ ၁၇ ရက်ဒီနေ့အထိ အနီးဝန်းကျင်ကသူတွေကို ဖမ်းဆီးတာမျိုးတွေမရှိဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ကိုလင်းအောင်ရဲ့ အလောင်းကို သူရဲ့ရွာမှာပဲ အဲဒီနေ့ညနေ ၄ နာရီလောက်မှာ ဒေသခံတွေနဲ့ မိသားစုဝင်တွေက သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ကိုလင်းအောင်ဟာ ကျေးရွာအုပ်စုအတွင်းရှိ လောင်းကစားဝိုင်းတွေဆီက လိုင်းကြေးတောင်းပြီး စစ်တပ်ကိုထောက်ပို့လုပ်နေသူဖြစ်သလို စစ်မှုထမ်းဖို့အတွက် ပြည်သူတွေကို ခြိမ်းခြောက်နေသူတဦး ဖြစ်တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်ညနေကလည်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ အခြားမဟာမိတ်အဖွဲ့တွေနဲ့ပေါင်းပြီး စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာဘက်ကနေ မိုင်းထိစစ်သားတွေကို သယ်လာတဲ့ စစ်ကားကို စစ်ကိုင်းတက္ကသိုလ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ အုပ်ချုပ်ရေးမှူးကိုလင်းအောင်။

စာတည်း - လင်း  

#မြေလတ်အသံ

#စစ်ကိုင်း #တင်းတိပ်ကျေးရွာ #အုပ်စုအုပ်ချုပ်ရေးမှူး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10