သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ဒေသခံ ၇၀ ကျော်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီစစ်ကြောင်းက ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းလောက်မှာ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းထွက်လာတဲ့နေ့မှာပဲ ဇီးတော၊ ကံသစ်၊ ရွှေချောင်းလည်၊ သရက်တို၊ မွန်တော၊ မောင်းထောင်စတဲ့ ရွာက ဒေသခံတွေကို ဖမ်းဆီးထားတာပဲဖြစ်ပါတယ်။
ဘုတလင်နယ်ကို စစ်ကြောင်းပတ်ထိုးပြီး စီပါရွာမှာ ၁ ညအိပ်စခန်းချခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်မှာ စီပါရွာကနေ ထွက်လာပြီး ကင်းစမ်းရွာအနောက်ဘက် မူးဘောင်နဲ့ မကျည်းပင်ကြားမှာ ကင်းပုန်းဝပ်နေချိန် ကင်းထွက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကို တွေ့မြင်ပြီးပစ်ခတ်ခဲ့လို့ နယ်မြေခံ တော်လှန်ရေးရဲဘော် ၁ ဦး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အပစ်ခံရတဲ့ ရဲဘော်ဟာ ချက်ချင်းမသေသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဒီရဲဘော်ကို ဆိုင်ကယ်တွေနဲ့အတူ ရောပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူနဲ့ အတူသွားတဲ့သူတွေက ကယ်ချိန်မရလိုက်ဘူး။ အင်အားမမျှတော့ ထွက်ပြေးလာရတာ။” လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၀ ဝန်းကျင်အရွယ် မောင်ရှမ်းပုတ်ဖြစ်ပြီး သူ့ကို အဲဒီနေ့ညမှာပဲ သင်္ဂြိုဟ် ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့ ည ၇ နာရီလောက်မှာတော့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဖမ်းဆီးထားတဲ့ ဓားစားခံတွေနဲ့အတူ ကူတော်ရွာထဲကို ဆက်လက်ဝင်ရောက်သွားပါတယ်။
စီပါရွာကို ၁ ညအိပ်စခန်းချတဲ့နေ့မှာလည်း ရွာထဲကနွားတွေကို ဖမ်းဆီးသတ်ဖြတ်စားသောက်သွားခဲ့သလို နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်သွားပါသေးတယ်။
ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံတွေကတော့ ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသလို ထပ်မံဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်းဆက်လက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
အခုလို ကူတော်ရွာထဲကို ဝင်ရောက်သွားတဲ့အတွက် ကူတော်ရွာနားမှာရှိတဲ့ မောင်းထောင်၊ ကတိုး၊ အောင်ချမ်းသာ စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကူတော်ရွာကို စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က တပ်စွဲထားတာဖြစ်ပြီး အဲဒီက တည်းက ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဘုတလင်မြို့ #စစ်ကောင်စီ #စစ်ကြောင်း #မီးရှို့သတ်
Share Share Share