ဘုတလင်၊ ကျောက်အိုးရွာက အိမ် ၅ လုံးကို စစ်တပ်ကမီးရှို့ပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးသွား

ဘုတလင်၊ ကျောက်အိုးရွာက အိမ် ၅ လုံးကို စစ်တပ်ကမီးရှို့ပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျောက်အိုး(မြောက်)ရွာက ပြည်သူနေအိမ် ၅ လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားသလို ရွာခံတချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

မုံရွာ (နမခ)တိုင်းစစ်ဌာနချုပ်ကနေ စစ်ကြောင်းထိုးလားတဲ့ အင်အား ၁၀၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာ ၉ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ သီးပင်အိုင်ရွာကနေတဆင့် ရွာနားနီးစပ်ဖြစ်တဲ့   ကျောက်အိုးရွာထဲကိုဝင်လာပြီး အဲဒီရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ 

စစ်ကောင်စီဟာ ကျောက်အိုးရွာက ဖမ်းဆီးသွားတဲ့သူတွေအပါအဝင် ဓားစာခံတွေနဲ့အတူ အဲဒီနေ့ ညနေ ၃ နာရီခွဲကျော်လောက်မှာ သီးပင်အိုင်ရွာထဲကို ပြန်လည်ဝင်ရောက်သွားပါတယ်။

အဲဒီနောက် ဓားစားခံအဖြစ်ဖမ်းဆီးထားတဲ့ ပြည်သူတွေကို သီးပင်အိုင်ရွာထဲက နေအိမ် ၂ လုံးထဲ ခွဲထည့်ထားပြီး သော့ခတ်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ဓားစာခံတွေက များတယ်၊ ရွာသစ်ရွာကပဲ ဖမ်းခံရတာ  ၁၅ ယောက်လောက်ရှိတယ်။ ဘယ်သူတွေလဲဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲက နွား ၁ ကောင်လည်း မီးထဲပါသွားတယ်။ ကျောက်အိုးရွာထဲရှိနေတဲ့အချိန် ရွာအနောက်ဘက်ကို လက်နက်ကြီးနဲ့ ထုနေတယ်။"လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်ကလည်း နှောပင်အိုးရွာ ဘုန်းကြီးကျောင်းထဲကို‌ သေနတ်တွေ ပစ်ဖောက် ဝင်ရောက်လာတဲ့အတွက် ဘုန်းကြီးကျောင်းထဲမှာ လုပ်အားပေးလုပ်နေတဲ့ ပြည်သူ ၁ ဦးကို ထိမှန်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဘုတလင်မြို့နယ်ထဲကို ပြန်လည်ဝင်သွားပေမယ့်လည်း ကျောက်အိုးရွာ အပါအဝင် အခြားကျေးရွာကဒေသခံတချို့ဟာ ကျေးရွာထဲ ပြန်လည်နေထိုင်ခြင်းမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်‌က စပြီး ဘုတလင်နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင်မြို့နယ် #ကျောက်အိုး #စစ်ကောင်စီ #မီးရှို့ #ဓားစာခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10