ဘုတလင်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

ဘုတလင်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး လက်နက်တွေပါ သိမ်းဆည်းခံရ

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ်လ ၂ ရက်မနေ့ကမနက်အစောပိုင်းမှာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးကာ သေနတ် ၂ လက်နဲ့ ကျည်မျိုးစုံကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Depeyin Local Mobile Team ဆီက သိရပါတယ်။

ဘုတလင်မြို့အထွက်၊ မုံရွာ - ရေးဦးကားလမ်းပေါ်က အဆိုပါဂိတ်ကို မနေ့ကမနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ Kaung Kin Local Squad နဲ့ Local Mobile Team ရဲ့ စစ်ဗျူဟာမှူး ဗိုလ်ကောင်းကင်က ပြောပါတယ်။

"စစ်သား ၃ ယောက် မနက်အစောပိုင်း အိမ်စီးကားအဖြူနဲ့ ဂိတ်ကို ရောက်လာတာကို တိုက်ခိုက်ခဲ့တာပါ။ စစ်သားတွေ တချက်မှ ပြန်ပစ်ချိန်တောင် မရဘူး။ ပစ်ခတ်ချိန် ၅ မိနစ်အတွင်း နေရာမှာပဲ ပွဲချင်းပြီး သေကုန်တာပါ" လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်ဟာ ဒေသခံပြည်သူတွေဆီက ပိုက်ဆံတောင်းကြမ်းသလို တောင်သူတွေရဲ့ ပဲဆီတွေကိုလည်း ပုံးအဝါနဲ့ ထည့်လို့ဆိုကာ သိမ်းယူတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

MA4 တွဲ ၁ လက်၊ MA 11 ၁ လက်၊ ၄၀-မမ အသီး ၁၅ လုံး၊ MA11 ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံးနဲ့ 5.56 ကျည်တောင့်တွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပေမယ့် ဒီသေဆုံးနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ဒီစစ်ဆင်ရေးကို Local Mobile Teamနဲ့ ကြေးမုံတပ်ရင်း တပ်ခွဲ-၃၊ တပ်ရင်း ၁၂ ရွှေဘိုခရိုင် - တို့ ပူးပေါင်းကာ ပြောက်ကျားစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Depeyin Local Mobile Team ရဲ့ထုတ်ပြန်ချက်မှာတော့ အခုစစ်ဆင်မှုဟာ ဆပ်ပြာကျင်းတူမီး တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်တွေရဲ့ ၁ နှစ် ၈ လပြည့် ကြေကွဲဝမ်းနည်းဖွယ် အမှတ်တရနေ့အတွက် သူရဲ‌‌ကောင်းတို့အမှတ်တရ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာတိုက်ပွဲဟာ ပြီးခဲ့တဲ့နှစ် ဇူလိူင် ၂ ရက်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်က အင်အား အလုံးအရင်းသုံးကာ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၆ ဦး ကျဆုံးခဲ့တယ်လို့ Depeyin Local PDF Team ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

Depeyin Local Mobile Team အဖွဲ့ဟာ ဇန်နဝါရီလ ၂၉ ရက်ကလည်း ဒီပဲယင်းမြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဒလန်လို့ သတင်းကြီးသူ တဦးကိုပါ ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10