ဘုတလင်က ဗကသရုံးကိုဝင်စီးပြီး ဥက္ကဌ၊ ဒုက္ကဌနဲ့ အတွင်းရေးမှူးတို့ကို စစ်ကောင်စီကသတ်ဖြတ်

ဘုတလင်က ဗကသရုံးကိုဝင်စီးပြီး ဥက္ကဌ၊ ဒုက္ကဌနဲ့ အတွင်းရေးမှူးတို့ကို စစ်ကောင်စီကသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၂၈ ရက် ဒီနေ့မနက် ၄ နာရီကျော်လောက်မှာ ဝင်စီးပြီး ဗကသရဲဘော် ၃ ဦး အသတ်ခံလိုက်ရတယ်လို့ ဗကသအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘုတလင်မြို့ထဲကနေ အင်အား ၁၀၀ ကျော်နဲ့ ထွက်လာပြီး ဘုတလင်နယ်ထဲက ဗကသရုံးကိုဝင်စီးခဲ့ပြီး ဗကသများအဖွဲ့ချုပ်  ဥက္ကဌ၊ ဒုဥက္ကဌ နဲ့  အတွင်းရေးမှူး ၃ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေရော ရဲဘော်တွေရောက ရန်သူဝင်လာတာကို မသိလိုက်ကြဘူး၊ ရုံးခန်းတည်နေရာနားကိုရောက်လာပြီး ရန်သူဝိုင်းမှပဲ သိကြရတာ။ ကနဦးအတည်ပြုနိုင်တာက ဗကသရဲဘော် ၃ ဦးသတ်ဖြတ်ခံလိုက်ရပြီး ကျသွားပြီဆိုတာပဲ အတည်ပြုလို့ရသေးတယ်။ ၂ ဦးကိုတော့ တခါတည်း သတ်ပြီး ဒုဥက္ကဌ ကိုတော့ဖမ်းခေါ်သွားပြီးလမ်းမှာ သတ်သွားတာလို့သိရတယ်” လို့ ဗကသများအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလက်ရှိအချိန်မှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖမ်းဆီးထားတဲ့ပြည်သူတွေကိုခေါ်ပြီး ဗကသရုံးအခြေစိုက်ထားတဲ့ရွာနဲ့ ဘေးပတ်ဝန်းကျင်ကရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတ်ဖြတ်တာကိုခံလိုက်ရတဲ့ ခေါင်းဆောင် ၃ ဦးရဲ့ အမည်များနဲ့ ဓါတ်ပုံတွေကိုတော့ လက်ရှိအချိန်မှာ ထုတ်ပြန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၀ ရက်ကလည်း ဒေါပုံမြို့နယ်ကကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခု နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင် #ဗကသ #စစ်ကောင်စီ #သတ်ဖြတ် #စီးနင်းခံရ #သတင်း #ဖမ်းဆီးထောင်ချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10