ဘုတလင်နယ်‌ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၈၀ ကျော်ပျက်စီး

ဘုတလင်နယ်‌ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၈၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်ကအထိုင်ချထားပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ‌ရွာဇော်ကြီး တော်လှန်အသံအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာ ကူတော်ရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက အဲဒီရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီး‌ခဲ့ပြီး အဲ့ဒီနေ့မှာပဲ ကူတော်ရွာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ ရွာမွန်ရွာက နေအိမ်တွေကိုပါ တဆက်တည်း မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ရွာမွန်ရွာကဒေသခံတွေ ရွာထဲမီးပြန်ငြှိမ်းတဲ့အချိန် စစ်**တွေက လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတွေ ထွက်ပြေးခဲ့ရသေးတယ်။ ရွာမွန်ရွာက မနေ့က နေအိမ် ၈၀ ကျော် မီးရှို့ခံလိုက်ရတယ် " လို့ ရွာဇော်ကြီး - တော်လှန်အသံမှ တာဝန်ခံတဦးက ပြောပါတယ် 

လက်ရှိအချိန်ထိ ကူတော်ရွာမှာ စစ်တပ်ကအထိုင်ချထားတဲ့အတွက် အဲ့ဒီရွာက မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကို မသိရသေးဘူးလို့ဆိုပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်တွေဟာ ကူတော်ရွာမှာအထိုင်ချတပ်စွဲထားတာ ၂ နှစ်ကျော်နီးပါးရှိပြီး အဲဒီကျေးရွာက ဒေသခံတွေနဲ့ ရွာမွန်ရွာက ဒေသခံတွေကလည်း ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်နီးပါး ရှိပြီလို့သိရပါတယ်။ 

ရွာမွန်ရွာမှာ အိမ်ခြေ ၆၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။

အလားတူ အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိတဲ့ ကူတောရွာကိုလည်း စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ  ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ စစ်ကိုင်းတိုင်းထဲက နေအိမ်အဆောက်အဦ၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်စုစုပေါင်း ၆၂,၂၉၄ လုံးကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပြီး လက်ရှိ မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။ 

ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း ကူတောရွာကို စစ်တပ်က မီးရှို့ခဲ့စဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10