သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အရှေ့ခြမ်းရှိ သဖန်းရွာမှာ စစ်ကောင်စီတပ်သားတွေက ၂ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ရွာကပြန်ထွက်ချိန်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၅ ရက်မှာ သပြေပင်ရွာကနေ သဖန်းရွာဘက်ကို ထွက်လာစဉ် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးသူတွေရှိတဲ့အတွက် နမခ တပ်စခန်းကနေလည်း ဟောင်ဝှစ်ဇာနဲ့ ပစ်ကူပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက်မှာ စစ်ကောင်စီအဖွဲ့က သဖန်းရွာထဲကိုဝင်ပြီး အထိုင်ချတပ်စွဲခဲ့တာဖြစ်ပြီး သူတို့ နဲ့အတူ လမ်းမှာဖမ်းဆီးခဲ့တဲ့ ဓားစားခံ ၄၀ ဝန်းကျင်လည်းပါလာတယ်လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။
အဲ့ဒီနောက် ရွာမှာ ၂ ညအိပ်စခန်းချပြီး နိုဝင်ဘာ ၇ ရက် မနေ့ကမနက် ၉ နာရီကျော်မှာ အင်အား ၁၀၀ ကျော်နဲ့ သဖန်းရွာထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာတောင်ဘက်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“သပြေပင်ရွာကနေထွက်လာပြီးတော့ အရှေ့ဘက်မှာ စုပေါင်း PDF တွေနဲ့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲဖြစ်ပြီးတော့ သဖန်းရွာဘက်ကိုဆက်ပြီးတက်သွားတယ်၊ ဓားစားခံတွေလည်းပါတယ်။ ဓားစားခံတွေက အစုံဗျ။ လမ်းမှာတွေ့တဲ့လူတွေကို အကုန်ခေါ်သွားတာ၊ သဖန်းရွာက အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ပါ” လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။
သဖန်းရွာကိုမီးရှို့ပြီးနောက် စစ်ကောင်စီအဖွဲ့တွေဟာ သပြေပင်ကျေးရွာကို ပြန်ဝင်သွားပြီး တညအိမ်စခန်းချကာ နေအိမ်တွေမွှေနှောက်သွားပြီး ဒီမနက် ၁၀ နာရီလောက်မှာတော့ လွှဲတဲရွာထဲကို ဝင်သွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်မှာလည်း စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတိမ်းရှောင်တဲ့ အသက် ၇၀ အရွယ် ဦးစန်းလွင် ဆိုသူကို စစ်ကောင်စီတပ်သားတွေက နားထင်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
အခုလို ဘုတလင်အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့အတွက် သဖန်းရွာအပါအဝင် အေးညိမ်းရွာ၊ သပြေပင်၊ ကံသာ၊ ရွှေတောင်၊ ထန်းတောအစရှိတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
တိမ်းရှောင်နေရတဲ့ ဒေသခံတွေမှာလည်း နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ မလုံလောက်တဲ့ အခက်အခဲတွေကြုံနေရတယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၇ ရက်က ဘုတလင်မြို့နယ်၊ စီပါရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၆ ဦးကိုခေါင်းဖြတ်သတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်မှာ ဘုတလင်မြို့ပေါ်ကိုပြန်သွားပြီးနောက် ဘုတလင်မြို့နယ်နယ်အတွင်းကို ကျေးရွာတွေဆီ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်ကာ စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #မီးရှို့ #ပျက်စီး
Share Share Share