ဘုတလင်မြို့ပြည်သူ့ဆေးရုံက ၀န်ထမ်းတွေ CDM လုပ်သွားလို့ စစ်ကောင်စီက ဆေးရုံကို ချိပ်ပိတ်လိုက်ရ

ဘုတလင်မြို့ပြည်သူ့ဆေးရုံက ၀န်ထမ်းတွေ CDM လုပ်သွားလို့ စစ်ကောင်စီက ဆေးရုံကို ချိပ်ပိတ်လိုက်ရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်အပါအ၀င် ၀န်ထမ်းတွေ CDM လုပ် ထွက်သွားတဲ့အတွက် စစ်ကောင်စီဟာ ဆေးရုံကို ချိပ်ပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၈ ရက် ညနေပိုင်းက ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံ၀န်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲပြီးနောက် ဆေးရုံအုပ်ကြီးအပါအ၀င် ပြည်သူ့ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ လက်ထောက် ဆရာဝန်၊ ဓာတ်မှန်ကျွမ်းကျင်၊ သူနာပြုတွေနဲ့ ကျန်းမာရေးလုပ်သား စုစုပေါင်း ၂၀ ဝန်းကျင်ဟာ ဆေးရုံကို လာရောက်မှု မရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

"ဆေးရုံက၀န်ထမ်းတွေမလာတော့ လူနာတွေလည်း ဆင်းသွားပြီ။ စစ်တပ်ကလည်း လာချိပ်ပိတ်သွားတယ်။ မီးသတ်ရုံးကတော့ ပိတ်ထားတာကြာပြီ။ ရုံးတွေ ပိတ်ကုန်တာများတယ်" လို့ ဘုတလင်မြို့နေ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဆေးရုံရှိလူနာတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆေးရုံဆင်းသွားကြရပြီး ဆေးရုံ၀န်ထမ်းတွေရော လူနာတွေပါ မရှိတော့တဲ့ ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကို နို၀င်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ရောက်လာပြီး ဆေးရုံထဲမှာရှိတဲ့ ဆေးပစ္စည်းတွေကို ယူဆောင်သွားကာ ဆေးရုံကိုပါ ချိပ်ပိတ်သွားတယ်လို့ ဆိုပါတယ်။

အခု CDM လုပ်ပြီး ထွက်ပြေးသွားတဲ့ ဆေးရုံအုပ်နဲ့ ‌၀န်ထမ်းတချို့က အရင်က CDM လုပ်ခဲ့ကြသူတွေဖြစ်ပြီး စစ်ကောင်စီက ခြိမ်းခြောက်ဖိအားပေးတဲ့အတွက် ပြန်လည်အလုပ်၀င်ရောက် လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဘုတလင်ပြည်သူ့ဆေးရုံကြီးကို ချိတ်ပိတ်လိုက်တဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူအများစုဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစုံတရာဖြစ်လာခဲ့ပါက ကုသမှုမပေးနိုင်မှာကို စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုသူ မြို့ခံတဦးက ပြောပါတယ်။

“စိုးရိမ်မှုကတော့ ရှိတာပေါ့။ ဘုတလင်မြို့ပေါ်ကလူတွေရော၊ မြို့နယ်က လူတွေရော၊ ဒီဆေးရုံကိုပဲ အားကိုးနေရတာလေ။ မနေ့ကဆိုလည်း လူနာတွေလည်းဆေးရုံမှာ မနေရဲကြတော့ဘူး။ တချို့ဆိုဆေးလုံးတွေချိတ်ပြီး ကိုယ့်ရွာကိုယ်ပြန်ကြရတယ်။ တကယ်လို့ မွေးလူနာတွေတာရှိခဲ့ရင် ဘယ်လိုလုပ်ရမလဲတောင်မသိဘူး” လို့ သူက ဆိုပါတယ်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်၊ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန(လ၀က)နဲ့ မီးသတ်ရုံးတို့မှာ ၀န်ထမ်းတွေမရှိတော့တဲ့အတွက် ရုံးတွေပိတ်ထားရတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ၀န်ထမ်းတွေအနေနဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျအပ်နှံပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်သို့ ၀င်ရောက်ကြဖို့ နို၀င်ဘာ ၁၆ ရက်က စာထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင် #ပြည်သူ့ဆေးရုံ #ချိပ်ပိတ် #CDM #စစ်ကောင်စီ #ဆေးရုံအုပ် #မီးသတ်ဌာန #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10