ဘုတလင်မြို့အဝင်ဂိတ်ကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ် လက်နက်တချို့သိမ်းဆည်းရရှိ

ဘုတလင်မြို့အဝင်ဂိတ်ကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ် လက်နက်တချို့သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင် စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ချိန် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားသလို 79 သေနတ် ၁ လက်၊ 79 ကျည် ၇ လုံး ၊ G 3 သေနတ် ၁ လက်၊ G 3 ကျည်ဘောက် ၆ ခု၊ 7.62 စက်သေနတ်ကျည် ၁၀၀ တောင့်တို့ကိုလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့က မနေ့ညကတည်းက တက်လာတာ။ ဒီမနက်မှ ဝင်ပစ်တာ ။ ပစ်ခတ်မှုမှာ ၄ ကောင်သေတာကို မျက်မြင်တွေ့ရတယ်။ နောက်ထပ် ၂ ကောင်ကတော့ ဆေးရုံရောက်ပြီး သေသွားတယ်လို့ ကျနော်တို့ အတွင်းသတင်းက ကြားရတယ်။ ဒဏ်ရာရသွားတဲ့ ၄ ကောင်ကိုလည်း သူတို့လဲကျသွားတာ ကျနော်တို့ တွေ့ရတယ်” လို့ Freedom Revolution Force (FRF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦး ကပြောပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ်ဖွင့်ထားတာဟာ ၁ နှစ်ကျော်လောက်ရှိပြီးဖြစ်ကြောင်းနဲ့ ဂိတ်မှာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်ဝတ်တွေသာ ဝတ်ဆင်လေ့ရှိပြီး၊ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာတွေ၊ ဆဲဆိုတာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ ပစ်ခတ်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ နဲ့ မဟူရာနတ်ဆိုး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

FRF တပ်ဖွဲ့ဟာ စက်တင်ဘာ ၇ ရက်ကလည်း အဲ့ဒီစစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားသလို BA 94 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ဆေးရေးဂိတ် #ဘုတလင်မြို့ #စစ်ကိုင်တိုင်း #PDF #ရွှေဘိုခရိုင်တပ်ရင်း၂၄ #FRF #စစ်ကောင်စီ #လက်နက်သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10