ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ယုန်လှေးကုန်းကျေးရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဘုတလင်မြို့ဘက်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ယုန်လှေးကုန်းကျေးရွာ စာသင်ကျောင်းမှာ စခန်းချနေတဲ့ကာကွယ်ရေးတပ်တို့ အောက်တိုဘာ ၂၅ ရက် ဒီမနက် ၅ နာရီလောက်ကစပြီး တနာရီကြာ တိုက်ခိုက်ခဲ့ကြတာပါ။  

အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း ရဲဘော် ၁ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးရဲဘော်တွေ ကျန်ခဲ့တဲ့ ဆိုင်ကယ် ၇ စီးကိုလည်း စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းထဲမှာ စုပြီး မီးရှို့ခဲ့ကာ စာသင်ကျောင်းဆောင်တချို့လည်း မီးကူးစက်လောင်ကျွမ်းသွားတယ်လို့ ယှန်လှေးကုန်းရွာသား တဦးက ပြောပါတယ်။ 

“သူတို့က ရွာစာသင်ဆောင်မှာနေတာ ၄ လနီးပါးလောက်ရှိပြီ။ ဘယ်အဖွဲ့ကလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ မနက်က ပစ်ခတ်မှုဖြစ်ပြီးတော့ ကျသွားတဲ့ ရဲဘော်အလောင်းကို အဖွဲ့တဖွဲ့က ကားနဲ့ လာသယ်သွားတယ်” လို့ အထက်ပါရွာသားက ပြောပါတယ်။ 

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အဆိုပါစစ်ကြောင်းဟာ ယုန်လှေးကုန်းရွာထဲကို မဝင်တော့ဘဲ ဘုတလင်ဘက်ကို ပြန်ထွက်သွားပြီး ပစ်ခတ်မှုဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယုန်လှေးကုန်းရွာက ဒေသခံတွေကတော့ ကျေးရွာထဲမှာ ပြန်ဝင်နေကြပြီလို့ သိရပါတယ်။ 

သေဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဘယ်အဖွဲ့ကလဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း  ယုန်လှေးကုန်းရွာက နေအိမ် အလုံး ၄၀ ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဘုတလင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း ဘုတလင်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့် ၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော် သုတနေ တို့ကို ဖမ်းဆီသတ်ဖြတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10