ဘုတလင်မှာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုက စီပါရွာကိုမီးရှို့

ဘုတလင်မှာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုက စီပါရွာကိုမီးရှို့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၁၇ ရက်ဒီမနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

တက်လှိုင်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီမနက် ၈ နာရီလောက်မှာ ရွာကထွက်လာခဲ့ပြီးနောက် စီပါရွာကနေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး ဒီညနေပိုင်းအထိ ရွာထဲမှာပဲရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၄ ရက်မှာ အင်အား ၈၀ ကျော်နဲ့ ဘုတလင်မြို့ နယ်ထဲကိုစတင်ဝင်ရောက်ကာ ကျေးရွာတွေကိုစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ၅၀ ဦးကို ဓားစားခံအဖြစ်ဖမ်းဆီးကာ တချို့ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ပါတယ်။ 

“စစ်ကြောင်းဝင်တဲ့လမ်းတလျှောက်က ကျေးရွာတွေထဲကလူတွေ၊ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းလာတာ။ ဦးရေအတိအကျတော့ မသိရသေးဘူး။ ဓားစာခံပြည်သူတွေကိုလည်း လူသားဒိုင်း လုပ်ထားတယ်။ တိုက်ပွဲဖြစ်ရင် တော်လှန်ရေးအင်အားစုတွေ အခက်တွေ့အောင်လို့ ဓားစားခံပြည်သူတွေကို ပွိုင့်ဖိနပ်တွေစီးခိုင်းထားတယ်။” ဘုတလင်နယ်ခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကိုလည်း စစ်ကောင်စီအဖွဲ့တွေက သူတို့ရဲ့ အကာကွယ်သဘောမျိုးထားတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီက စစ်ကြောင်းဝင်ရာကျေးရွာတွေက ဒေသခံတွေကိုဖမ်းဆီးထားတာကြောင့် ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါနဲ့ ဘယ်ရွာတွေကလည်းဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကြောင်းထိုးစဥ်တလျောက် စစ်ကောင်စီတပ်သားတွေဟာ တရော်တောရွာက အသက် ၉၀ ကျော်အရွယ် စစ်ရှောင်အဖွားအို ၁ ဦး၊ ဗန္ဓုလရပ်ကွက်က ပြည်သူ ၈ ဦး၊ မြောက်ကျီက ပြည်သူ ၄ ဦး စုစုပေါင်း ၁၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၇ ရက် ဒီမနက်ပိုင်းအထိ တက်လှိုင်းရွာထဲမှာအထိုင်ချထားပြီး စခန်းချနေထိုင်စဉ်အတွင်းမှာလည်း ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။ 

ခုလို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဘုတလင်၊ စီပါ၊ ငပုရင်း၊ ကြိုကုန်း၊ မြောက်ကျီ၊ ရှမ်းတဲ၊ တလိုင်းစတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၄ ထောင်ဝန်းကျင်က နေရပ်က တိမ်းရှောင်ကာ တောတောင်တွေထဲမှာနေထိုင်ပြီး သူတို့တွေအတွက် စားသောက်ကုန်တွေလည်း လိုအပ်နေပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၁၂ ရက်ကလည်း ဘုတလင်မြို့၊ ဘုတလင်-သဖန်းလမ်ခွဲ၊ ရတနာဖြိုး ကုန်ဆုံဆိုင်တောင်ဘက်မှာရှိတဲ့ ဦးဖိုးကြာ+ဒေါ်သင်း ကုန်ဆုံဆိုင်က မိသားစုဝင် ၅ ဦးကို လက်ပြန်ကြိုးတုပ်ကာ ခေါင်းတွေကို သေနတ်နဲ့ပစ်သတ်သွားခဲ့ပါသေးတယ်။

ပုံစာ - ၂၀၂၄ ဇန်နဝါရီလအတွင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊  ထန်းပင်လှရွာကို စစ်တပ်မီးရှို့နေစဉ်။

စာတည်း - လင်း

#မြေလတ်အသံ

#ဘုတလင် #စီပါရွာ #စစ်ကောင်စီ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10