ဘုတလင်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျောင်းဆောင် ၁ ခုလှူဒါန်း

ဘုတလင်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျောင်းဆောင် ၁ ခုလှူဒါန်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကျေးရွာတရွာမှာ ပြည်သူ့အခြေပြုပညာရေးသင်ကြားရာမှာ လိုအပ်နေတဲ့ စာသင်ကျောင်းဆောင်တဆောင်ကို ဇန်နဝါရီ ၁၉ ရက်က ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

ကျောင်းသားတွေဟာ ဟောင်းနွမ်းပျက်စီးနေတဲ့အဆောင်မှာ သင်နေရတာဖြစ်လို့ ကမ်ပိန်းမှရရှိတဲ့ငွေနဲ့ အလျား ပေ ၄၀၊ အနံ ပေ ၂၀ အကျယ် အုတ်ခင်း၊ သွပ်မိုးအဆောင်ကို ၂၇ သိန်းကျော် (၂,၇၉၀,၀၀၀)နဲ့ ဆောက်လုပ် လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်တို့အနေနဲ့ အညာဒေသရဲ့ လိုအပ်ချက်တခုကို တတ်နိုင်သလောက် လှူဒါန်းပေးဖြစ်တာပါ။ အိုဟောင်းနေတဲ့ အဆောင်မှာ စာသင်နေရတယ်။ ကလေးတွေမှာ စာအုပ်၊ စာရေးကိရိယာတွေ လိုအပ်ချက်တွေ ရှိနေပါတယ် " လို့ အညာပစ်တိုင်းထောင်အဖွဲ့ ဦးဆောင်သူ မဖူးပွင့်ဝေက ပြောပါတယ်။

၂၀၂၃ ဒီဇင်ဘာအတွက် "စာသင်ဆောင်အလှူ ဝိုင်းလို့ကူ" ၁၀ ရက်ကြာ ကမ်ပိန်းပြုလုပ်ခဲ့ရာမှာ ငွေကျပ် သိန်း ၉၀ ကျော်ရရှိခဲ့ပြီး လိုအပ်တဲ့ကျေးရွာမှာ စာသင်ကျောင်းဆောင်တွေ လှူခဲ့တာလို့ သူမက ဆက်ပြောပါတယ်။

ကနီမြို့နယ်မှာ စာသင်ကျောင်းဆောင် ၂ ဆောင်၊ ဆားလင်းကြီးနယ်မှာ ၁ ဆောင်နဲ့ ဘုတလင်နယ်မှာ ၁ ဆောင် စုစုပေါင်း စာသင်ဆောင် ၄ ဆောင်ကို ဆောက်လုပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စာသင်ဆောင်ပေးအပ်ပွဲမှာ ကျောင်းသား/သူများက လူငယ့်စကားဝိုင်းပြောဆိုတာနဲ့ ကပြဖျော်ဖြေတာတွေပြုလုပ်ခဲ့ပြီး အဲဒီအခမ်းနားကို ယင်းမာပင်-ဆားလင်ကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်များနဲ့ ဒီပဲယင်းမြို့နယ် လူထုသပိတ် ဦးဆောင်သူများက ပါဝင်အားဖြည့်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #ဘုတလင် #စာသင်ဆောင်လှူဒါန်း #ကမ်းပိန်း #အညာပစ်တိုင်းထောင်လေးများ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10