ဘုတလင်မှာ ၄ ရက်အတွင်း အမျိုးသား ၄ ဦးကို စစ်တပ်ကပစ်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

ဘုတလင်မှာ ၄ ရက်အတွင်း အမျိုးသား ၄ ဦးကို စစ်တပ်ကပစ်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကျွဲသေချောင်းရွာ၊ ဝန့်တုံရွာနဲ့ ကတိုးရွာက အမျိုးသား ၄ ဦးကို စက်တင်ဘာ ၂၀ ရက်ကနေ ၂၃ ရက်အတွင်း စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ People's Defense Comrade ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဘုတလင်ရဲစခန်းကနေ အင်အား ၄၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွဲသေချောင်းရွာက ဒေသခံအမျိုးသား ၁ ဦးကိုသတ်ပြီး ရွာဘုန်းကြီးကျောင်းအရှေ့က အလှူခံပုံးထဲက ငွေကျပ် ၇ သိန်းကျော်ကိုလည်း ယူသွားတယ်လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီလောက်မှာ ကျွဲသေချောင်းရွာထဲကိုဝင်လာချိန် အသက် ၄၉ နှစ်အရွယ် ကိုမျိုးဦးကို တွေ့ပြီးသေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ 

“ရွာထဲမှာ **ကြောင်း မရှိလောက်ဘူးအထင်နဲ့ ရွာထဲပြန်ဝင်တဲ့အချိန်မှာမိတာပါ။ တခြားဒေသခံတွေမဝင်ဘူး။ သူတယောက်တည်းဝင်တာ **ကြောင်းပြန်ထွက်သွားတော့ ရွာသားတချို့ ရွာထဲပြန်ဝင်တာ။  သူ့အလောင်းကို သူ့အိမ်နားမှာပဲပြန်တွေ့တာ။” လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။ 

ရွာထဲမှာ တညအိပ်တပ်စွဲသွားခဲ့တဲ့ အဲ့ဒီစစ်ကြောင်းဟာ ဒေသခံနေအိမ်တွေကိုဝင်ပြီး ပစ္စည်းတွေကိုမွှေနှောက်ရှာဖွေတာ၊ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ပြီး စက်တင်ဘာ ၂၁ ရက်မနက် ၇ နာရီလောက်မှာ ၆ မိုင်အကွာက ကူတော်ရွာ ရဲစခန်းကိုထွက်သွားကြတယ်လို့ ဆိုပါတယ်။ 

ကိုမျိုးဦးရဲ့ အလောင်းကို စစ်သားတွေ ရွာကထွက်သွားတဲ့မနက်ပိုင်းမှာ ဒေသခံတွေကတွေ့ပြီး အဲ့ဒီရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ အထက်ပါနယ်ခံက ပြောပါတယ်။ 

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျွဲသေချောင်းရွာကို စစ်ကောင်စီတပ်သားတွေက မကြာခဏ ဝင်ရောက်လေ့ရှိပြီး လူသတ်တာနဲ့ နေအိမ်တွေကိုမွှေနှောက်တာကတော့ ဒီတကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 

အလားတူ ကူတော်ရွာကို ရောက်နေတဲ့စစ်ကြောင်းထဲက စစ်ကောင်စီတပ်သားတချို့ဟာ စက်တင်ဘာ ၂၂ ရက်မနက်ပိုင်းမှာ ကတိုးရွာက နေအိမ် အလုံး ၂၀ ကို မီးရှို့ပြီး နောက်နေ့မနက်ပိုင်းမှာ မီးငြှိမ်းဖို့သွားတဲ့ ဝန့်တုံရွာသား ၂ ဦးနဲ့ ကတိုးရွာသား ၁ ဦးကိုပစ်သတ်ပြီး အဲ့ဒီထဲက ၁ ဦးကို မီးရှီု့ခဲ့တယ်လို့ People's defense comrade က ထုတ်ပြန်ရေးသားထားပါတယ်။

စက်တင်ဘာ ၂၄ ရက် ဒီနေ့အထိ စစ်ကောင်စီစစ်ကြောင်းဟာ ကူတော်ရွာအနီးတဝိုက်မှာရှိနေတဲ့အတွက်  ကျွဲသေချောင်းရွာကဒေသခံတွေဟာ ရွာထဲကိုပြန်မဝင်ကြသေးဘဲ ရွာထဲမှာကျန်ခဲ့တဲ့ ကျွဲ၊ နွား တိရိစ္ဆာန်တွေကို အစားကျွေး၊ ရေတိုက်တာမျိုးတွေကိုသာ ခဏတဖြုတ် ပြန်လည်လုပ်ဆောင်နေတယ်လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။  

အခုလို စစ်ကြောင်းထိုးဝင်လာရောက်လာတဲ့အတွက် ကျွဲသေချောင်းရွာအပါအဝင် ကတိုး၊ ကြုံးရွာ၊ ကျောင်းရွာ၊ ဆည်ကုန်းရွာ အစရှိတဲ့ကျေးရွာကဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ပုံစာ - အသတ်ခံရသည့် ကိုမျိုးဦး စျာပနနှင့် စစ်ကောင်စီတပ်သားများ မွှေနှောက်ဖျက်ဆီးခဲ့သည့် ကျွဲသေချောင်းရွာက နေအိမ်တချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10