ဘုတလင်ရဲစခန်းကထွက်လာတဲ့ ဆိုင်ကယ်စီးစစ်သားကို PDF က စောင့်ကြိုပစ်ခတ်လို့ သေဆုံး

ဘုတလင်ရဲစခန်းကထွက်လာတဲ့ ဆိုင်ကယ်စီးစစ်သားကို PDF က စောင့်ကြိုပစ်ခတ်လို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၀ Battalion Of Budalin - BOB က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ ဘုတလင်မြို့မရဲစခန်းအတွင်းတပ်စွဲနေတဲ့ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၄) လက်အောက်ခံ ခမရ ၇၀၃ က တပ်သား သိန်းသန်းဦး ဖြစ်ပြီး မေ ၁၂ ရက် မနေ့ညနေ  ၃ နာရီလောက်မှာ တဦးတည်းဆိုင်ကယ်နဲ့ထွက်လာတာကို ရဲစခန်းမြောက်ဘက်တမိုင်လောက်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့စစ်သားက အရပ်ဝတ်နဲ့ ကြောင်ပန်းလမ်းအတိုင်း မောင်းလာတာကိုသတင်းရလို့ စစ်ကောင်စီအထိုင်ဂိတ်နဲ့   မီတာ ၃၀၀အကွာလောက်ကနေ စောင့်ပစ်တာပါ။ ဘာလုပ်ထွက်လာတာလဲတော့ မသိရဘူး“လို့ BOB တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီစစ်သား ၁၅ ဦးခန့် ပစ်ခတ်ခံရတဲ့နေရာကို ရောက်ရှိလာပြီး စစ်သားအလောင်းကိုသယ်ဆောင်သွားခဲ့ကာ လမ်းသွားနေတဲ့ အမျိုးသမီးတဦးနဲ့ကလေးငယ်တဦးကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့  ဖေဖော်ဝါရီ ၂၇ ရက်ကလည်း Battalion Of Budalin - BOB တပ်ဖွဲ့ဟာ ဘုတလင်ဈေးကို ဈေးဝယ်လာတဲ့ ရဲတပ်ကြပ် ကျော်ကိုကိုခန့်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - တိုက်ပွဲဝင်နေသည့် BOB ရဲဘော်တဦးကို တွေ့ရစဉ် (ပုံဟောင်း)။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီတပ်သား #ပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10