ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား မှောက်လို့ ၁ ဦးသေဆုံး

ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား မှောက်လို့ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာအဝင်၊ အာလောင် ၈ မျက်နှာ ဘုရားအတက်လမ်းမှာ ဘုန်းကြီးကျောင်းကို ရေလှူလာတဲ့ကား တိမ်းမှောက်ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မတ်လ ၇ ရက် ဒီနေ့မနက် ၁၀ နာရီခန့်မှာ မန္တလေးမှ အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ ရေလာလှူတဲ့ နိဗ္ဗာန်သုခပရဟိတအသင်းမှ ရေသယ်ယာဉ်ဟာ အာလောင် ၈ မျက်နှာ ဘုရားအတက်တွင် နောက်ပြန်လိမ့်ကျပြီး သစ်ပင်ကြားမှာ ညပ်နေခဲ့တာလို့ ဒေသလူမှုကူညီရေးအသင်းဝင် တဦးက ပြောပါတယ်။

"သူတို့လည်း ပရဟိတအသင်းကပဲ။ ဘုန်းကြီးကျောင်းမှာ ရေလာလှူတာ။ တောင်ပေါ် ဘုန်းကြီးကျောင်းရောက်ခါနီးမှ စက်သေသွားပြီး နောက်ပြန်လိမ့်ကျတာပေ့ါ။ သူတို့အဖွဲ့က ရေအမြဲလာလှူနေကြလို့တော့ သိရတယ်။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် အမျိုးသား ၄ ဦး ပါတယ်" လို့ ပြောပါတယ်။

ခုလို တိမ်းမှောက်လို့ ကားပေါ်ပါ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းအဖွဲ့တွေက စစ်ကိုင်း ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10