ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာစိုးရိမ်ရ

ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာစိုးရိမ်ရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အရှေ့ဘက်ခြမ်းရှိ မင်းစုံတောင်သစ်တောကြိုးဝိုင်းအတွင်းရှိ  တောင်ပေါ်ဘုန်းကြီးကျောင်းပေါ်ကို စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းဆောင်တချို့ပျက်စီးပြီး ကျောင်းထိုင်ဆရာတော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၃ ရက်နေ့လယ် ၂ နာရီလောက်မှာ တံတားဦးလေတပ်ဘက်က တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးက အဆိုပါဘုန်းကြီးကျောင်းတဝိုက်ကို တချိန်တည်း ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် ဓမ္မာရုံပျက်စီးသွားပြီး သက်တော် ၈၀ အရွယ်ကျောင်းထိုင်ဆရာတော် ထိမှန်ဒဏ်ရာရခဲ့တာပါ။ 

“ ၁ စီးကဗုံးကြဲတယ်၊ ၁ စီးက စက်လက်နက်နဲ့ ပစ်သွားတယ်။ အဲ့တောင်မှာ ဘုန်းကြီးကျောင်းပဲရှိတာ။ ရွာထဲကတော့ တောင်ပေါ်ကျောင်းလို့ခေါ်တယ်။ အဲ့ဒီတောင်ထိပ်ပေါ်မှာ ဓမ္မာရုံသေးသေးလေး ၁ ခုရှိတယ်။ အခုအဲ့ဒါတွေက လုံးဝနေထိုင်လို့မရတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့ (စစ်ကောင်စီ)က အမျိုးဘာသာသာသနာဆိုပြီးတော့ ခေါင်းစဉ်တွေတပ်ပြီးလုပ်နေကြတယ်။ ခေါင်းစဥ်တပ်တာနဲ့လုပ်ရပ်တွေနဲ့ တခြားစီဖြစ်နေတာ” လို့ နွားထိုးကြီးဒေသခံ ၁ ဦးက ပြောပါတယ်။

တောင်ပေါ်မှာ အဆိုပါဘုန်းကြီးကျောင်း ၁ ကျောင်းသာရှိပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် အခြားသံဃာ ၄ ပါးတို့လည်းသတင်းသုံးကာ ပစ်ခတ်ချိန်မှာတော့ ဆရာတော် ၁ ပါးတည်းသာ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။  

“ကျန်တဲ့ကိုယ်တော်တွေကတော့ သူတို့ကသွားလာနိုင်ကြတာဆိုတော့ လေယာဉ်လာတာနဲ့ ရတဲ့နည်းနဲ့ ရှောင်ကြတာပေါ့။ ဆရာတော်ကြီးက အသက်လည်းကြီးပြီဆိုတော့ ပြေးလည်းမပြေးနိုင်တော့ဘူးလေ၊ အကုန်လွတ်တယ်၊ ဆရာတော် ၁ ပါးပဲထိသွားတာ ဆရာတော်က စိုးရိမ်ရတဲ့အခြေနေလို့ကြားတယ်” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

အဲဒီနေ့မှာပဲ ဆရာတော်ကို မန္တလေးဆေးရုံတို့ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အခုလို တောင်ပေါ်ကျောင်းကို လေယာဉ်နဲ့ပစ်ခတ်တာဟာ ပထမအကြိမ်ဖြစ်ပြီး လက်ရှိတောင်အောက်မှာနေတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

အလားတူ အောက်တိုဘာ ၁၁ ရက်ကလည်း စစ်ကောင်စီက နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံး နဲ့ကြဲချခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၉ ဦးထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မကွေးလေတပ်စခန်းက ပျံတက်ခဲ့သည့် ဂျက်ဖိုက်တာ ၁ စင်း။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10