ဘုရားထက်ကြီးတဲ့ ဆဖားဂူကြီး

ဘုရားထက်ကြီးတဲ့ ဆဖားဂူကြီး

"လာဗျို့ ဆရာကြီး။ ရေနွေးကြမ်းသောက်။ ဆရာကြီးကို မျှော်နေတာ"
"အလို ကိုရွှေဘုန်း အထူးအဆန်းပါလား။ ဘဇာအရေးကြောင့် အမျှော်တော်ဆင့်နေပါဘိ"
"မေးစရာရှိလို့ ဆရာကြီးရဲ့။ ဆရာကြီးအသိမိတ်ဆွေတွေထဲမယ် ပယောဂကုတဲ့အထက်ဂိုဏ်းဆရာတွေ ဘာတွေများရှိမလားလို့ဗျ။ အတော်အစွမ်းထက်ထက်မှလည်း ရမယ်။ အိယောင်ဝါး ရွှိရှောင်စားလောက်မနဲ့မရဘူး"
"အမ် ကိုရွှေဘုန်း အထူးအဆန်းပါလား။ ဘယ်သူဘာဖြစ်လို့လဲဗျ။ ရှင်းစမ်းပါဦး"
"အထူးအဆန်းပဲ ဆရာကြီးရေ။ ခပ်ဆေးလား။ တို့ဆေးလား။ ဝမ်းတွင်းစုန်းလား။အောက်လမ်းလား။ တခုခုနဲ့ငြိနေတဲ့ပြဿနာတခုရှိနေလို့ဗျို့"
"ဟာ ဘယ်သူတုန်း ကိုဘုန်း။ ခင်ဗျားလား။ ဆွေမျိုးထဲကလား"
"မဟုတ်ဘူး ဆရာကြီးရေ။ ဘုန်းကြီးဗျ။ ကဗျာဆရာကြီးတင်မိုးပြောခဲ့ဖူးတယ်။ ရွာတရွာစည်ပင်တိုးတက်ပြီဆိုရင်ကြည့်လိုက်တဲ့။ ရွာဦးဘုန်းကြီးရယ်၊ ကျောင်းဆရာရယ်၊ ရွာလူကြီးရယ်ညီညွတ်နေလို့သာမှတ်တော့တဲ့။ ကောင်းတဲ့ဘက်မှာညီညွတ်တာကိုပြောတာတဲ့။"
"ဟုတ်ပါပြီ ကိုဘုန်းရဲ့။ ပယောဂဝင်ပူးတဲ့ဘုန်းကြီးကိစ္စဆက်ပါဦး"
"ဟုတ်တယ်ဆရာကြီး။ အခု ပယောဂပူးတာလား၊ ဆေးမိတာလားမသိရတဲ့ဘုန်းကြီးကိစ္စကအတော်ဆိုးနေပြီဗျို့။ သူကအခု ဂေါတမဗုဒ္ဓကိုတောင်လုပ်ကြံနေပြီ။ လုပ်ကြံတယ်ဆိုတာ လန်ကြုတ်ဇာတ်လမ်းတွေပြောပြီး ဘုရားကိုသိက္ခာချနေတာကိုပြောတာဗျ"
"ဘာလဲ ဒေဝဒတ်က အဇာတသတ်ကို စည်းရုံးပြီး မင်းက ဘုရင်ကိုသတ် ဘုရင်လုပ် ငါက ဘုရားကိုသတ်ပြီး ဘုရားလုပ်မယ်ဆိုတာမျိုးလား"
"ဟုတ်တယ်ဆရာကြီး။ အခုလူမှုကွန်ယက်စာမျက်နှာတွေ၊ သတင်းတွေထဲက ဂူကြီးရဲ့မတော်မတည့်တွေ ပြောထားတာတွေ့ပြီးရောပေါ့။ ဘုရားကပဲ ဘာသာခြားအယူဝါဒကွဲသူတွေက လုပ်ကြံမှာကြောက်လို့ သံဃာအပါး ၅၀၀ ကို အမြဲခြံရံပြီး သွားသွားလာလာလုပ်နေသတဲ့လေ။ ဂူကြီးတို့ အတူမရှိ၊ အတုမရှိမုနိမြတ်စွာဆိုပြီး ဟောစားပြောစားလာတဲ့ ကျေးဇူးမှမထောက်။ ထပ်ဖြည့်လို့လည်းမရ၊ နုတ်ပယ်လို့လည်းမရလို့ တသက်လုံးပြောလာတဲ့ ဓမ္မအပေါ်စော်ကားလိုက်ပုံများ။ ဂူကြီးက ဘုရားဟောမဟုတ်တာတွေကို ထင်ရာမြင်ရာ လျှောက်ပြောတာများသွားပြီ။"
"ဟုတ်ပ ကိုဘုန်းရေ။ ဂူကြီးတို့ ဘုန်းကြီးကိစ္စဆိုတော့ ဆရာတော်မင်းသုည ထောက်ပြပြောဆိုထားတာ အတော်အဆင်ပြေတယ်ဗျို့။ ခင်ဗျားတို့ ကျုပ်တို့ဝင်ပြောရင် ဘုရား၊တရား၊သံဃာဆိုတာကြီးကာထားမှာအသေအချာဗျ"
"ဟုတ်တယ်ဆရာကြီးရ။ အခုဟာက ဘုရားကိုစေတီကွယ်၊ တရားကို ပိဋကတ်ကွယ်၊ သံဃာကို ဘုန်းကြီးကွယ်ဆိုတဲ့ အနေအထားမျိုးရောက်နေပြီ"
"ဪ အဲဒီအကြောင်းတွေကြောင့် ကိုဘုန်းက တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းကြီးပယောဂဝင်ပူးနေပြီလို့ ယူဆနေတာပေါ့လေဟုတ်စ"
"ဟုတ်တယ်ဆရာကြီးရေ။ ကျုပ်တို့ သူဟောတဲ့တရားတွေကို တိတ်ခွေခေတ်ကနေ မိုဘိုင်းခေတ်ထိကြားနေတာပဲ။ အခုကာလလိုမျိုး ဘုရားကိုလုပ်ကြံပြောဆိုတဲ့ တိတ္ထိလေသံတခါမှ မကြားဖူးဘူး။ ဂူကြီးလည်း သျှောင်ကြီးတော့ ငိုက်လူကြီးတော့မိုက် ဖြစ်လာသလား မပြောတတ်ဘူး။ အပေါင်းကြောင့် ဂုဏ်တက် အပေါင်းကြောင့် ဂုဏ်ပျက်ထဲ ဂူကြီးပါသွားရှာပြီ"
"ကဲ ကိုရွှေဘုန်း ခင်ဗျားစကားတွေကြားရတာ အားကြီးလေးပင်တယ်ဗျာ။ ကျုပ်ဖေ့စ်ဘုတ်ထဲက ဆေ့ဖ်ထားတဲ့ဒီပို့စ်လေးဖတ်ကြည့်ပါဦး။ ပေါ့ပေါ့ပါးပါးပေါ့
မောဂ္ဂလန်-မင်းက တန်ခိုးကြီးတယ်၊ ရှေ့ပြေးလုပ်
သာရိပုတ္တ-မင်းက ဉာဏ်ကောင်းတယ်၊ တိုင်ပင်ဖို့ ငါ့နားမှာနေ
အဿဇိ-မင်းက တပ်ဦးကချီ
ဝပ္ပ-မင်းကနောက်ချန်စောင့်ကြည့်
ဘဒ္ဒိယ-မင်းက ညာတောင်ပံကတက်
မဟာနမ်-မင်းက ဘယ်တောင်ပံက တက်
ကောတဏ္ဍည-မင်းက ဗေဒင်တတ်တယ်၊ ငါ့အတွက်အခါရွေး
ညီတော်နန္ဒ-မင်းက ညီအရင်း မင့်တူလေးအနားနေ သားတော်ရာဟုလာကို မှဲ့တပေါက်မစွန်းစေနဲ့
(ဤကား ရာဇဂြိုလ်ပြည်သို့ရဟန်း၅၀၀နှင့်ဘုရားရှင်ဆွမ်းခံကြွပုံတည်း)
ကိုးကား။ ။ သီတဂူဆရာတော်ဘုရားကြီး"
"ဟားဟားဟား "
""ကဲ ကိုဘုန်း ပေါ့ပေါ့ပါးပါးဖြစ်သွားပလား။ ကျုပ်ဆေ့ဖ်ထားတဲ့ မူရင်းပို့စ်ပိုင်ရှင်ကိုတော့ ခရက်ဒစ်ပေးရတော့မှာပဲဗျို့။""
"ဟုတ်တယ်ဆရာကြီးရေ သူမို့ ရှာရှာဖွေဖွေတွေးတတ်တယ်။ တော်သေးတယ် သီတဂူကြီးကို ကိုးကားထားပေလို့။ နိူ့မဟုတ်ရင် ဘုရားစကားတွေနဲ့ လာပစ်ခတ်ကြမှာဗျ။ အခုတော့ ကြာနီကန်ဆရာတော်ရဲ့ တရားတပုဒ်ထဲကလို ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးမဟုတ်တော့ပဲ၊ ဘုရားထက်ကြီးတဲ့ ဆဖားဂူကြီး ဖြစ်နေပြီဗျို့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10