မကတတ်ဘဲ ဇာတ်ထောင်တဲ့ စစ်တပ်  (အတွေးအမြင်)

မကတတ်ဘဲ ဇာတ်ထောင်တဲ့ စစ်တပ်  (အတွေးအမြင်)

"ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်" ဆိုသလိုပါပဲ။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ်ပထမလှိုင်းမှာ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းအောင်၊ လူသေဆုံးတာတွေ လျော့နည်းအောင် အစိုးရနဲ့အတူတူ ကျန်းမာရေး ဝန်ထမ်းတွေ၊ မြို့နယ်အသီးသီးမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေဟာ အားကြိုးမာန်တက်လုပ်ကိုင်ခဲ့ကြတယ်။

ဒီလိုလုပ်ကိုင်နေတာကိုပဲ မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က နေပြည်တော်နဲ့ ရန်ကုန်မှာ စစ်တပ်ဘက်က ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဘယ်လိုပြင်ဆင်ထားတာ၊ ဘယ်လိုကုသကြရင်း ရောဂါကို ထိန်းသိမ်းနိုင်တာ စတဲ့ စစ်တပ်ဝါဒဖြန့် စည်းရုံးရေးစကားလုံးတွေ တွင်တွင်ပြောပြီး MWD၊ MRTV ကနေ စကားနာထိုးခဲ့တာ မှတ်မိပါသေးတယ်။

တကယ်တမ်းမှာ စစ်တပ်က ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ကုသတဲ့အခါမှာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် မိသားစုတွေ၊ တိုင်းမှူး၊ တပ်မမှူး၊ တပ်ရင်းမှူး မိသားစုတွေနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေ ကုသဖို့အတွက်သာ ပြင်ဆင်လုပ်ကိုင်ခဲ့ကြတာပါ။

ဒေသနယ်ပယ်အသီးသီးက ပုဂ္ဂလိက စက်ရုံ၊ အရောင်းဆိုင်တွေ၊ ပရဟိတအသင်းတွေမှာရှိတဲ့ အောက်ဆီဂျင်အိုးတွေကိုတောင် စစ်တပ်က အတင်းအဓမ္မလိုက်သိမ်းပြီး စစ်ကားတွေနဲ့တင်သွားကြတာ ပြည်သူတွေ မျက်မြင်ကိုယ်တွေ့ပါ။

အဲဒီအခါတုန်းက အောက်ဆီဂျင်အိုးအလွတ်တွေတောင် ဝယ်မရတဲ့အထိဖြစ်ခဲ့ရသလို အိုးစျေးနှုန်းတွေပါ သိန်းဂဏန်းနီးပါး ပေးဝယ်ခဲ့ရတယ်။

တကယ်တမ်းမှာ စစ်တပ်ဟာ ပြည်သူအတွက်ဆိုတာထက် သူတို့ကိုယ်သူတို့သာ ကာကွယ်ကြတာပါ။ ဒီနေရာမှာ တိတိကျကျပြောရရင် စစ်တပ်ဆိုတာမှာတောင် အောက်ခြေအဆင့်သာမန်စစ်သည်ဝန်ထမ်းတွေကို ကာကွယ် ပေးတာမျိုး မဟုတ်ဘဲ သူတို့ထိပ်ပိုင်းခေါင်းဆောင်အဆင့်တွေကိုသာ ကာကွယ်ပေးတာလို့ဆိုရင် ပိုမှန်မှာပါ။ 

အဲဒီကာလကို ပြန်ကြည့်ရင် အောက်ခြေစစ်သည်မိသားစုတွေ ကိုဗစ်ဖြစ်တော့ တပ်တွင်းမှာလည်း ထိရောက်တဲ့ ဆေးဝါးကုသမှု မရှိ။ တပ်ပြင်ပမှာလည်း ကုသခွင့် မပေးခဲ့ပါပေးဘူး။ ပါရာစီတမောနဲ့ ဘိုင်အိုဂျက်စစ်လောက်ပေးပြီး ဆေးကုသပေးခဲ့တာ စစ်တပ်ပါ။

အောက်ဆီဂျင်အိုး ဝယ်ဖို့မပြောနဲ့ ငွေကြေးမတတ်နိုင်လို့ ဆေးမြီးတိုနဲ့ အိမ်မှာ ကြိတ်မှိတ်ကုသနေရတဲ့ အခြေခံစစ်သည်တွေ နေ့ရောညပါ သေဆုံးလို့ မီးသင်္ဂြိုဟ်ပေးခဲ့ရတာတွေကလည်း ပရဟိတသမားတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။

အဲဒီကိုဗစ်ကာလတွေတုန်းက ပြည်သူ့အစိုးရနဲ့အတူတူ ပရဟိတသမားပေါင်းများစွာဟာ ပြည်သူလူထုအတွက် ရုန်းကန်ကူညီပေးခဲ့ကြတာဟာ အားလုံးအသိပါ။ 

ဒီလိုပဲ အာဏာသိမ်းတော့ ပရဟိတကူညီပေးတဲ့သူတွေကို ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာဟာလည်း စစ်တပ်ဆိုတာ ပြည်သူတွေ အသိဆုံးပါ။ 

ပရဟိတသမားတွေကို ဖမ်းဆီး၊ ရိုက်နှက်သတ်ဖြတ်တာအပြင် ပြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ မြို့ပြနဲ့ ကျေးလက်မှာရှိတဲ့နေအိမ်တွေ ဆေးရုံ၊ စာသင်ကျောင်းတွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးငယ်နဲ့ သက်ကြီးရွယ်အိုသာမက ကိုယ်ဝန်ဆောင်ပါမချန် မုဒိန်း ပြုကျင့်ခဲ့တာလည်း စစ်တပ်ပါပဲ။ 

စစ်တပ်က ဒီလိုတွေ လက်သံပြောင်ခဲ့တာကြောင့် အခုမြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုတွေဖြစ်တဲ့အခါ ကူညီပေးမယ့်သူတွေဆိုတာ တော်တော်ရှားပါးသွားပြီ။ 

မြန်မာနိုင်ငံမှာ နှစ်စဥ် ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးရွာသွန်းမှုများပြားတာကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စတဲ့မြစ်တွေမှာ မြစ်ရေကြီးတဲ့အခါ ရေဘေးကြုံရတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူတိုင်းနဲ့ ဧရာဝတီတိုင်း မြစ်၊ ချောင်းအနီးနေထိုင်သူတွေကို စစ်တပ်က ကူညီပေးရကောင်းမှန်းမသိဘူး။

ဒီလိုရေကြီးတာတွေကို မိုလေးဝသ သတိပေးချက်ထုတ်ပြန်တာ၊ မြစ်ရေကြီးမှုအန္တရာယ်၊ ပိုးမွှား၊ လျှပ်စစ်၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကြိုတင်သတိပေးတာ၊ အချိန်မီပြောင်းရွှေ့တာ၊ ပြည်သူကို သတိပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့အလုပ် မဟုတ်သလိုပါပဲ။ သူတို့လုပ်တယ်ဆိုတာ သူတို့စစ်တပ် ဝါဒဖြန့်ရုံမျှ အတွက်သာ လုပ်တာမျိုးပါ။ 

ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီဆိုတာ ပြည်သူ့အစိုးရမဟုတ်တော့ ပြည်သူကိုအသိပေး မထုတ်ပြန်တာလည်း အဆန်းတော့မဟုတ်တော့ပါဘူး။

အခုလည်း ဗီယက်နမ်၊ တရုတ်၊ ထိုင်း ဆိုတဲ့အာဆီယံနိုင်ငံတွေမှာ မုန်တိုင်းအန္တရာယ်နဲ့ ရေကြီးတဲ့ဘေးတွေ ရင်ဆိုင် ခံစားနေကြရတယ်။

အလားတူ မြန်မာနိုင်ငံ တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ကြီးမြိုနဲ့ကလောမြိုနယ်တွေမှာ စက်တင်ဘာလ ၇ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာနေသလို ရေဘေးသင့်ခဲ့ပြီး တောင်ပြို၊ အိမ်ပြိုတဲ့ သဘာဝဘေးဒဏ်တွေကို စတင်ကြုံတွေ့ခဲ့ရတယ်။

အဲဒီလို တောင်ပေါ်ဒေသတွေမှာ မိုးရွာတာတွေ နေ့စဥ်ရက်ဆက်ဖြစ်လာတော့ မြစ်၊ ချောင်း၊ အင်းအိုင်တွေက တဆင့် ရေတွေဟာ ဆည်တွေဆီရောက်လာတယ်။ ဆည်တွေမှာ ရေလျှံလေတော့ မြို့ရွာတွေ၊ လမ်းမတွေအပေါ် ရေတွေပြည့်လျှံကုန်တယ်။ 

မြေပြိုတာ၊ အိမ်ပြိုတာ၊ လူနဲ့တိရစ္တာန်တွေ မျောပါသေဆုံးတာ၊ ကားတွေ၊ အိမ်တွေ ရေနစ်မြုပ်ပြီး တံတားကျိုးတာ၊ ကားလမ်းမကြီးတွေ ရေတိုက်စားတာတွေ ကြုံတွေ့နေရတယ်။ 

တောင်ပေါ်ဒေသမှတဆင့် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်အတွင်းက ဆည်တွေမှာ ရေတွေပြည့်လျှံနေသလို မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်း မကြုံစဖူး ရေဘေး ဒုက္ခတွေ ကြုံတွေနေရပြီး လူသေဆုံးမှု ရာနဲ့ချီကာ ရှိနေပြီ ဖြစ်ပါတယ်။

နေအိမ်အမြင့်နေရာတွေမှတဆင့် ခေါင်မိုးပေါ်၊ သစ်ပင်ပေါ် ၊ ဘုရားစေတီပေါ် တွေမှာ နာရီပေါင်း ၂၀ ခန့်အထိ ဖက်တွယ်နေရပြီး အဝတ်အစားအပို မပါ၊ စားစရာမရှိဘဲ ပြည်သူတွေမှာ ဘေးဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေ ကြရတာပါ။

အဲဒီလိုရေကြီးတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ နေပြည်တော်နယ်မြေတွေဖြစ်တဲ့ တပ်ကုန်း၊ ပျဥ်းမနား၊ လယ်ဝေး၊ ဘောဂသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ နယ်မြေတွေမှာ ရေကြီးပြီး ကင်းသာဆည်၊ ပေါင်းလောင်းဆည်၊ ရေဆင်းဆည်တွေလည်း ရေလျှံလို့နေပြီ။

ဆင်သေချောင်း၊ သိုက်ချောင်း၊ ပေါင်းလောင်းချောင်းတွေ ရေကြီးရေလျှံဖြစ်ကာ ကွန်ကရစ်တံတားတွေ၊ ကားလမ်းတွေ ပျက်စီးပြီး ကျေးလက်ဒေသရှိ နေအိမ်တွေလည်း ခေါင်မိုးနစ်မြုပ်တဲ့အထိ ရေဘေးဒုက္ခကို ခံစားနေရပါတယ်။

အခုလို ပြည်သူတွေ ရေဘေးသင့်နေကြပေမယ့် အကူအညီမဲ့နေကြတယ်။ ပြည်သူမှ ပြည်သူ အချင်းချင်း တပိုင်တနိုင်သာ ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်စစ်တပ်က အခုရေဘေးကို ကူညီဖို့ထက် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာကို လေယာဥ်နဲ့ ဗုံးကြဲပြီး မီးလောင်တိုက်သွင်းနေတယ်။ 

နေပြည်တော်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ စစ်ခေါင်းဆောင်တသိုက်ဟာ သူတို့နေထိုင်ရာရပ်ဝန်းအနီး ရေဘေးအန္တရာယ်ကြုံတွေ့နေရတာတောင် သူတို့ သေဘေးကြောက်လို့ အပြင်ထွက်လာရဲတာ မဟုတ်ဘူး။ 

ရေကြီးရေလျှံတာတွေ နည်းပါးသွားရင်တော့ အပြင်ထွက်ပြီး "မစားရ ဝခမန်း" ရွှန်းရွှန်းဝေနေအောင် ပြုမူ ပြောဆိုတာတွေ၊ လှူဒါန်းတာတွေ၊ ကရုဏာသက်တဲ့ စကားလုံးတွေနဲ့ မလွဲမသွေ ဝါဒဖြန့်ပါလိမ့်မယ်။ 

အခုလည်း မြန်မာနိုင်ငံတခုတည်း ရေကြီးနေတာ မဟုတ်ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းမှာလည်း ရေကြီး ရေလျှံတာတွေ ဖြစ်ပေါ်ခံစားနေကြရတယ်။

စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေ မြန်မာနိုင်ငံရေဘေးကို ရေငုံနှုတ်ပိတ်နေတဲ့အချိန်မှာ ထိုင်းတော်ဝင် လေတပ်က သူတို့နိုင်ငံပြည်သူလူထုကို ရဟတ်ယာဥ်နဲ့  ရေဘေးကနေ ကယ်တင်နေသလို အစားအစာနဲ့ဆေး ဝါးတွေ အရေးပေါ်ကူညီပေးနေတယ်ဆိုတာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။

အဲဒီလို ရဟတ်ယာဥ်နဲ့ကူညီတဲ့အချိန်မှာ မြန်မာနိုင်ငံတာချီလိတ်မြို့နယ်အတွင်း ရေဘေးသင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို လူသားချင်းစာနာပြီးတော့ အစားအစားနဲ့ဆေးဝါးတွေ လိုက်လံဝေငှပေးနေတယ်ဆိုတာမျိုး စစ်တပ်က လုပ်နိုင်ဖို့ဆိုတာ ဝေးလေစွ။

"မိဘပြည်သူများခင်ဗျာ" ဆိုတဲ့ စစ်ကောင်စီရဲ့ ရှေ့နောက်မညီတဲ့ အသုံးအနှုန်းတွေလည်း ပြောနေလို့ အပိုပါပဲ။ 

ကိုယ်လုပ်တာ အဟုတ်ထင်၊ လက်တွေ့ကျတော့ မယ်မယ်ရရ လုပ်ပြနိုင်တာ စစ်ကောင်စီမှာ မရှိပါဘူး။ 

ဒါကြောင့် "မကတတ်ဘဲ ဇာတ်ထောင်" ဆိုသလို အဆိုးအကောင်း၊ အကျိုးအကြောင်း မခွဲခြားနိုင်၊ ကိုယ်ပိုင် အတွေးအခေါ် အရည်ချင်းမရှိဘဲ တိုင်းပြည်ကို မအုပ်ချုပ်ဖို့ စစ်ကောင်စီကို ပြောလိုက်ချင်ပါတော့တယ်။

#မြေလတ်အသံ

#အတွေးအမြင် #စစ်ကောင်စီ #ရေဘေး #ကူညီကယ်ဆယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10