မကျီးစင်ရွာက နေအိမ် ၃၀ ခန့်နဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

မကျီးစင်ရွာက နေအိမ် ၃၀ ခန့်နဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်အရှေ့‌မြောက်ပိုင်းမှာရှိတဲ့ မကျီးစင်ရွာက လူနေအိမ် ၃၀ နီးပါးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသား ၁ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ပေါက်မြို့နယ်မှ နဂါးကြီး ဗိုလ်နီတိုး က ပြောပါတယ်။ 

ရေပြာရဲစခန်းကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရဲစခန်းကနေ ၁ မိုင်ခန့်အကွာမှာရှိတဲ့ မကျီးစင်ရွာကို လက်နက်တွေပစ်ဖောက်ပြီးဝင်ရောက်လာကာ ရွာထဲက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးသွားသလို အသက် ၄၀ ဝန်းကျင်အရွယ် ကိုဝင်းစိုး ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါ တယ်။

"ကိုဝင်းစိုးဆိုတာ ဘယ်လိုအတည်ပြုလဲဆိုတော့  သူ့ရဲ့ဘေးအိမ်ကပဲပေါ့။ ပြောလာတယ် ကိုဝင်းစိုး ဆိုတာကို အတည်ပြုပါတယ်။ သူပဲ ပျောက်တာပေါ့။" လို့ ပေါက်မြို့နယ်မှ နဂါးကြီး ဗိုလ်နီတိုး က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာချိန် မကျီးစင်ရွာက ဒေသခံတွေ အကုန်လုံးထွက်ပြေးရတဲ့အတွက် ကိုဝင်းစိုးကို ဘယ်လိုဖမ်းဆီးပြီး မီးရှို့သတ်သွားတယ်ဆိုတာကို အတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။

မကျီးစင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး နေ့လယ် ၁၂ နာရီခွဲလောက်မှာတော့ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ မြိုင်နယ်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးသွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ မကျီးစင်ရွာဟာ အခုလို မီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သားတွေ မြိုင်နယ်ထဲကို ဝင်ရောက်သွားပေမယ့်လည်း မကျီးစင်ရွာက ဒေသခံတွေကတော့ ရွာထဲ ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၃ ရက်က မြိုင် စက်မှု ၂ ကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဝက်ပုတ်ရွာက ဒေသခံ ၁ ဦးကိုသတ်ဖြတ်ခဲ့သလို ဝါးရင်းချိုင်ရွာက အမျိုးသား ၃ ဦးကိုလည်း ရေပြာရဲစခန်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #ပေါက်မြို့ #မကျီးစင်ရွာ #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10