မကွေးကရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီးလုယက်သွားသူတွေထဲက ၁ ဦးကို ပြည်မြို့မှာဖမ်းမိ    ◼ ရွှေဆိုင်ပိုင်ရှင် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်

မကွေးကရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီးလုယက်သွားသူတွေထဲက ၁ ဦးကို ပြည်မြို့မှာဖမ်းမိ ◼ ရွှေဆိုင်ပိုင်ရှင် ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်

 

မကွေးမြို့မှာ ရွေဆိုင်ပိုင်ရှင်တွေကို သေနတ်နဲ့ပစ်ခတ်ကာ ပစ္စည်းလုယက်သူ ၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး တယ်လီဂရမ်ချန်နယ်တွေက ထုတ်ပြန်ထားပါတယ်။

ရွှေဆိုင်ဓားပြတိုက်ရာမှာပါဝင်သူ ၂ ဦးအနက် ၁ ဦးကို အခင်းဖြစ်ပွားတဲ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီခွဲခန့်မှာ မကွေးမြို့နယ်၊ ယင်းဆိပ်ရွာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ ဦးကိုတော့ ကနဦးဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်တွေအရ နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီခန့်မှာ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်မှာ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်မှာ မကွေးမြို့၊  ရန်ပယ်ရပ်၊ ရန်ပယ်စျေးအနီးရှိ “ချိုချို” ရတနာဆိုင်ကို ဆိုင်ကယ်စီးနဲ့သေနတ်သမား ၂ ဦး ရောက်လာပြီး ဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးနဲ့ တူဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားတို့ကို သေနတ်နဲ့ပစ်ခတ်ကာ မှန်ဗီဒိုကိုရိုက်ဖွင့်ပြီး ရွှေထည်တွေ လုယူသွားခဲ့တာပါ။

သေနတ်ပစ်ခတ်ခံရမှုကြောင့် လူငယ်အမျိုးသားမှာ ကျည်ရှပ်ထိမှန်ဒဏ်ရာသာရရှိခဲ့ပြီး ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးမှာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့လို့ မကွေးပြည်သူ့ဆေးရုံကြီးမှာ ကုသခဲ့ရပါတယ်။

မကွေးဆေးရုံးကြီးကတဆင့် ရန်ကုန်မြို့ ကုတင် ၁၀၀၀ ဆေးရုံကို လွှဲပြောင်းကုသပေးခဲ့ရပြီး လက်ရှိမှာ ပြန်လည်သက်သာနေပြီလို့ မကွေးရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းထံက သိရပါတယ်။

"ဘယ်ဘက်လည်ပင်းပေါ့၊ ပါး ၁ ချက်ထိပြီး ဝင်သွားတာ။ ကျည်ဆန်ကို ခွဲစိတ်ထုတ်ပြီးသွားပြီ။ ကောင်းသွားပြီ။" လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။

ထုတ်ပြန်ချက်တွေအရ လုယက်သူတွေဟာ “ချိုချို ”စိန်ရွှေရတနာဆိုင်ကနေ ငွေကျပ် ၇၅၄ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား လုယက်သွားခဲ့တာဖြစ်ပြီး အဆိုပါပစ္စည်းတွေကို ကျူးလွန်သူတွေနဲ့အတူ ပြန်လည်သိမ်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရွှေဆိုင် #တရားခံ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10