မကွေးတိုင်းမှာ သီတင်းကျွတ်ကာလ ခြင်းအလှခတ်ပြသူ နည်းလာ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်၊ ကျောင်းကြားရွာ သီတင်းကျွတ်ဘုရားပွဲတော်မှာ ရွှေသရဖူ၊ ဗမာ့သိပ္ပံ၊ ချစ်ကြိုးနှင်းဆီ၊ ရှားတော စတဲ့ မြန်မာ့ရိုးရာ ခြင်းအလှခတ်အဖွဲ့တွေပါ၀င် ကစားခဲ့ကြတယ်လို့ ခြင်းလုံးဝါသနာရှင်တဦးဆီက သိရပါတယ်။ 

မကွေးတိုင်းအတွင်းမှာ ရိုးရာအလှပြခြင်းခတ်တာ မရှိသလောက်နည်းပါးလာပြီး အမျိုးသမီးခြင်းအလှခတ် ပညာရှင်ဆိုရင် ၃ ဦးသာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။

ရိုးရာခြင်းခတ်တာ အသက် ၃၀ အောက်လူငယ်တွေရှားပါးပြီး တခြားအားကစားနည်းတွေ ခေတ်စားလာတဲ့အတွက် အခုလိုအလှပြခြင်းခတ်တာတွေ ပျောက်ပျက်သွားမှာ စိုးနေတယ်လို့ အလှခြင်းခတ်သူက ပြောပါတယ်။

အလှခတ်ခြင်းကို ဝါသနာပါလို့ လေ့ကျင့်သင်ယူတဲ့အခါမှာလည်း အခက်အခဲမျိုးစုံတွေကြုံရပြီး ၈ နှစ် ၉ နှစ်ဝန်းကျင်လောက် လေ့ကျင့်ခဲ့ရတယ်လို့ ဝါသနာရှင်တဦးဆီက သိရပါတယ်။

ခြင်းအလှပြခတ်ရာမှာ အခြေခံအချက် ၆ ချက်ရှိပြီး ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖဝါး၊ ဖနောင့်၊ ဖမျက်နဲ့ ခြင်းကြီး ၁၀ မျိုး၊ ခြင်းလတ် ၁၀ မျိုး၊ ခေတ်ဆန်း ၁၀ မျိုးဆိုပြီး စုစုပေါင်း ၃၆ မျိုးရှိတယ်လို့ ဆိုပါတယ်။

ခြင်းလုံးဝါသနာရှင်တယောက်အနေနဲ့ ကြေးစားလိုက်ခတ်ပြတာမျိုးမဟုတ်ဘဲ အပျော်တမ်း ရိုးရာခြင်းအလှခတ်တာကို ကစားဖြစ်ပြီး ဆုချပေးတဲ့ငွေနဲ့ လမ်းစရိတ်ငွေလောက်သာ ယူတာမျိုးပဲရှိတယ်လို့ ပြောပါတယ်။

ကျေးရွာတရွာမှာ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲတွေရှိတဲ့အခါ ခြင်းအလှခတ်တဲ့အဖွဲ့တွေကို ငှားရမ်းတာမျိုးရှိပြီး အလှခြင်းမင်းသားတွေကိုတော့ တသိန်းခွဲ နှစ်သိန်းပေးပြီး ခေါ်ယူလေ့ရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဆင်ဖြူကျွန်း #ခြင်းအလှခတ် #ရှားပါး #ရုပ်သံသတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10