မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မကွေးနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲမှာ ခရီးသွားပြည်သူကားတွေဆီက ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကာ နောက်ထပ်စစ်သား ၂ ဦးနဲ့ ရဲ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ခလရ ၂၅၁ က စစ်သားတွေနဲ့ ပခုက္ကူရဲစခန်းက ရဲတွေပူးပေါင်းပြီး ဆက်ကြေးကောက်နေချိန် ဧပြီလ ၈ ရက် မနေ့က ညနေ ၄ နာရီမှာ ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့နဲ့ ရင်းနှီးတဲ့သူတွေဆိုရင် လွှတ်ပေးတယ်၊ မရင်းနှီးတဲ့ကားတွေဆိုရင် ပစ္စည်းပါရင်ပစ္စည်းတွေချယူတယ်၊ ပစ္စည်းမပါရင်တော့ ဆန်အိတ် ၅ လုံးဖိုး ငွေတောင်းတာတွေလုပ်တယ်။ အဲ့ဒီနေရာမှာတင် စစ်** ၁ ကောင် သေပြီး စစ်**၂ ကောင်နဲ့ ရဲ** ၁ ကောင်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ ၁ ကောင်က တော်တော်စိုးရိမ်ရတယ်၊”လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့စစ်သားအလောင်းကို ထားခဲ့တာကြောင့် ကာကွယ်ရေးတပ်တွေက ကောက်ပြီး သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU ThuRain၊ ကမ္မတပ်ပေါင်းစု၊ DMG ဓားမင်းကြီးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ မုံရွာမြို့နယ်က စစ်ကောင်စီအထိုင်ချထားတဲ့နေရာတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၅ ရက်နဲ့ ၆ ရက်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Brothers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘုတလင်မြို့ပေါ်က ပြည်သူ့ဝန်ဆောင်မှုရုံး - OSS မှာ အထိုင်ချထားတဲ့စစ်ကောင်စီအဖွဲ့နဲ့ ကြောင်မန်းဂိတ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဧပြီ ၅ ရက်နေ့လယ် ၁၁ နာရီလောက်မှာ မောင်းသူမဲ့ ဒရုန်း ၄ စီးသုံးပြီး ဗုံးသီး ၄ လုံးနဲ့ တချိန်တည်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ OSS ရုံးကို Chindwin Brothers တပ်ဖွဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ အကြိမ်ရေ  ၂၀ အထက်ရှိပြီလို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်မှာလည်း မုံရွာမြို့နယ်၊ သာစည်ရဲစခန်းထဲကို မောင်းသူမဲ့ ဒရုန်း ၄ စီး နဲ့ သွားရောက် ပစ်ခတ်ခဲ့ကာ ဒီတိုက်ခိုက်မှုအတွင်း ဒရုန်း ၂ စီး ပျက်စီးခဲ့တယ်လို့ Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Brothers (DGF)၊ မုံရွာခရိုင်တပ်ရင်း - ၂၇၊ Lion - LPDF၊ နယ်မြေ ၇ တိုက်နယ်မှူး အဖွဲ့တို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

Chindwin Brothers တပ်ဖွဲ့ဟာ မတ်လ ၂၁ ရက်ကလည်း ဘုတလင်မြို့နယ်၊ မိုး ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မောင်းသူမဲ့ ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - ပခုက္ကူနယ်၊ ညောင်ပင်လှလမ်းခွဲက စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ချိန် သေဆုံးခဲ့သည့်စစ်သားအလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10