မကွေးမှာ ဆိုင်ကယ်စီးလူငယ်အမျိုးသား ၁ ဦး ကားတိုက်ခံရလို့သေဆုံးခဲ့ပြီး ကားသမား မောင်းပြေး

မကွေးမှာ ဆိုင်ကယ်စီးလူငယ်အမျိုးသား ၁ ဦး ကားတိုက်ခံရလို့သေဆုံးခဲ့ပြီး ကားသမား မောင်းပြေး

မကွေးမြို့ ၊ ရန်ပယ်ရပ်ကွက်၊ သုခိတာလမ်းနဲ့ မဲထီးလမ်းဆုံမှာ ဆိုင်ကယ်စီးအမျိုးသား ၁ ဦး ကားတိုက်ခံရလို့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်း ၁ ခုထံက သိရပါတယ်။

သေဆုံးသူမှာ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ကိုဒီပါအောင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် မနေ့ည ၈ နာရီခွဲခန့်က အဆိုပါလမ်းဆုံမှာဆိုင်ကယ်စီးနင်းလာစဉ် SURF  အမျိုးအစား အိမ်စီးကား ၁ စီးနဲ့ တိုက်မိပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

" ညပိုင်း အဲ့နေရာလူပြတ်နေတော့ မျက်မြင်သက်သေမရှိတော့ ဘယ်လိုပုံတိုက်တယ်ဆိုတာ မသိရသေးဘူး။ လက်ရှိတော့ CCTV တွေလိုက်ကြည့်နေတယ်။" လို့ မကွေးမြို့ပရဟိတအသင်း ၁ ခုရဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

အခင်းဖြစ်နေရာအနီး နေထိုင်သူတွေရဲ့ကနဦးပြောပြချက်အရ သေဆုံးသူဆိုင်ကယ်စီးအမျိုးသားကို အမျိုးအစားမသိရတဲ့ ကား ၁ စီးက ဝင်တိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ကားတိုက်သွားတဲ့ အသံကြားရတာကြောင့် ထွက်ကြည့်စဉ် ဆိုင်ကယ်နဲ့လူ ၁ ဦး လဲကျနေတာကိုတွေ့ရှိတာကြောင့် ၎င်းတို့ ပရဟိတအသင်းထံ ဖုန်းဆက်အကြောင်းကြားတာဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ (အခင်းဖြစ်နေရာအနီးနေထိုင်သူက) အဲ့ဒီကားကို မမြင်လိုက်ရတာ၊ အသံ”အုန်း”ဆိုကြားလို့ ထွက်ကြည့်လိုက်တာ” လို့ ဆိုပါတယ်။

CCTV မှတ်တမ်းတွေအရ SURF အမျိုးအစား ခဲရောင်အိမ်စီးကား ယာဥ်နံပါတ်(စိစစ်ဆဲ)ကားမှ ဆိုင်ကယ်အားတိုက်မိပြီး သုခိတာလမ်း မြောက်မှ တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားတာလို့ သိရပါတယ်။

ကားတိုက်ခံရလို့ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို မကွေးဆေးရုံကြီးကို ပို့ဆောင်ပေးထားကာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မကွေးမြို့မှာ ကားနဲ့တိုက်မိပြီးထွက်ပြေးတဲ့ဖြစ်စဉ်တွေ ယခုလအတွင်းမှာပင် ၃ ကြိမ်ရှိပြီဖြစ်ပေမယ့် ကားနဲ့မောင်းနှင်သူတွေကို ဖမ်းဆီးနိုင်တာမျိုးမရှိသေးဘဲ ယင်းဖြစ်စဉ်တွေကြောင့် လူသေဆုံးတာတော့ ယခု ၁ ကြိမ်သာရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ရန်ပယ် #အမျိုးသား #ကားတိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10