မကွေး PDF တပ်ဖွဲ့ကို USBA အမည်နဲ့ ပြောင်းလဲဖွဲ့စည်း၊ အထက်မင်းလှနယ်ထဲက စစ်တပ်ထောက်တိုင်တွေ နုတ်မထွက်ရင် အရေးယူမယ်လို့ဆို

မကွေး PDF တပ်ဖွဲ့ကို USBA အမည်နဲ့ ပြောင်းလဲဖွဲ့စည်း၊ အထက်မင်းလှနယ်ထဲက စစ်တပ်ထောက်တိုင်တွေ နုတ်မထွက်ရင် အရေးယူမယ်လို့ဆို

မကွေးတိုင်းအခြေစိုက် မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Magway PDF ကို မတ် ၁၄ ရက်က စတင်ပြီး United States Of Burma Army - USBA အမည်နဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

Magway PDF လို အမည်ဆင်တူရိုးမှားနဲ့ တပ်ဖွဲ့တွေရှိနေတာကြောင့် အထင်အမြင်လွဲပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ခုလိုပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။ 

"ကျနော်တို့အဖွဲ့အမည်နဲ့ ဆင်တူရိုးမှားအဖွဲ့တွေရှိတော့ အမည်လွဲမှားတာ၊ ပြဿနာတစုံတရာ နည်းပါးအောင် ပြောင်းလဲရတာပါ။ နယ်ပယ်အစုံက ရဲဘော်တွေရဲ့ဆန္ဒနဲ့ ပြောင်းခဲ့တာပါ။" လို့ United States Of Burma Army - USBA တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

USBA တပ်ဖွဲ့ကို မကွေးတိုင်းအတွင်းသာမကဘဲ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေကြတယ်လို့ သူကဆက်ပြောပါတယ်။

ထို့အတူ စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့တိုင်းဒေသတွေက စစ်မှုမထမ်းလိုတဲ့လူငယ်တွေကလည်း USBA တပ်ဖွဲ့ကို ချိတ်ဆက်ပြီး  ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ 

USBA တပ်ဖွဲ့ဟာ ပြည်သူတွေနဲ့ တော်လှန်ရေးအပေါ်မှာ သစ္စာစောင့်သိ၊ စည်းကမ်းပြည့်၀ပြီး အရည်အသွေးမြင့်မားတဲ့ တော်လှန်ရေးအဖွဲ့စည်းတခုဖြစ်တဲ့အထိ ကြိုးစားလေ့ကျင့်ရင်း စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်တော်လှန်သွားမယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် USBA၊ အထက်မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုပုဂ္ဂိုလ်မဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ မတ် ၁၅ ရက်က ပူးတွဲထုတ်ပြန်ထားပါတယ်။ 

“သတင်းထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိရင် (အရေးယူမှုတွေ) ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ အထက်မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။ 

အလားတူ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ အဓမ္မငွေကြေး ကောက်ခံနေတဲ့ ရပ်ကျေးမီးလင်းရေးကော်မတီဝင်တွေအနေနဲ့လည်း ဆက်ပြီးငွေကြေးကောက်ခံ နေပါက အခြားသောစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တတန်းတည်းသတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #MagwayPDF #USBA #အမည်ပြောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10