မင်းကင်းနယ်က NUG စာသင်ကျောင်း လေယာဉ်ဗုံးကြဲခံရပြီး အရပ်သား ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

မင်းကင်းနယ်က NUG စာသင်ကျောင်း လေယာဉ်ဗုံးကြဲခံရပြီး အရပ်သား ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ မင်းကင်းနယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားလို့ အရပ်သား ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၈ ရက် မနေ့ ည ၇ နာရီလောက်မှာ စစ်ကောင်စီဗုံးကြဲလေယာဥ်က ပျဉ်းကိုင်းရွာရှိ NUG အစိုးရဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းအနီးဖြတ်သန်းသွားတဲ့ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

“သေသွားတဲ့သူက သွေးထွက်များပြီး သေသွားတာ။ ရေချိုးသွားရင်း ထိသွားတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ ယောကျာ်းလေးတယောက်ကတော့ ခွဲစိတ်ခန်းဝင်နေရတယ်။ အခြေနေကိုတော့ မသိရသေးဘူး ” လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုတာဝန်ခံ ကိုဇော်မင်းက ပြောပါတယ်။

လေယာဉ်ဗုံးစထိမှန်လို့ ပျဉ်းကိုင်းရွာသား အသက် ၄၀ ကျော်အရွယ် ဦးမျိုးဝင်းမှာ နေရာမှာတင် သေဆုံးသွားပြီး အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ဗုံးစထိမှန်လို့ အမျိုးသားညီညွတ်ရေးအစိုးရဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးသွားသလို စာသင်ကျောင်းအနီး နေအိမ် ၄ လုံးလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ပျဉ်းကိုင်းရွာစာသင်ကျောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေချတပ်စွဲနေထိုင်နေတယ်လို့ ယူဆချက်နဲ့ အခုလိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ မင်းကင်းမြို့နယ်ပကဖဒုတာဝန်ခံက သုံးသပ်ပြောပါတယ်။

“ စာသင်ကျောင်းမှာ  အလင်းရောင်ရဖို့အတွက် တပ်ထားတဲ့မှန်တွေ ကွဲကုန်တယ်။ ကျနော်တို့လည်း ပျဉ်းကိုင်းရွာထဲမှာ အခြေချနေထိုင်တာမျိုးမရှိဘူး” လို့  သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်ကလည်း ပျဉ်းကိုင်းရွာနဲ့ ဆယ်မိုင်ခန့်အကွာရှိ မတောရွာမှာ မင်းကင်းပကဖအဖွဲ့ဝင်ရဲ့မင်္ဂလာဆောင်ပွဲကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့လို့ ကလေးငယ် ၅ ဦး အပါအဝင် ၂၉ ဦးသေဆုံးခဲ့ပြီး ၆၆ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇွန်လ ၃ ရက် မနက်ပိုင်းက မတောရွာမင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရစဉ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကင်း #NUG #စာသင်ကျောင်း #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10