မင်းတုန်းဒေသခံတွေကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး

မင်းတုန်းဒေသခံတွေကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး

 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနယ်က ဒေသခံပြည်သူတွေကို အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၄ ရက် မနေ့ မနက် ၁၀ နာရီကနေစပြီး ဒေသခံပြည်သူတွေကို ပညာပေးဆွေးနွေးခြင်းနဲ့ သရုပ် ဖော်ပြသခြင်းတွေကို ပြုလုပ်ပေးခဲ့ပြီး အခုလို ကျေးရွာတွေဘက်ကိုဆင်းပြီး လေကြောင်းရန် ကြိုတင်ကာကွယ်မှု အသိပညာပေးတာဟာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ 

“အစပိုင်းတော့ ကျနော်တို့ ရောက်လာတဲ့အတွက် နည်းနည်းတော့ ကြောင်အမ်းအမ်းတော့ ရှိကြတာပေါ့။ နောက် ဒီလိုမျိုးတွေလုပ်ပေးတော့ သဘောကျကြတယ်” လို့ အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

သင်တန်း‌ပေးခဲ့တဲ့ကျေးရွာဟာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကို ခံထားဖူးတဲ့ကျေးရွာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

ဒေသခံတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာလျှင်ကာကွယ်ရမယ့် အချက် (၇) ချက်ဖြစ်တဲ့ နေအိမ်အနီးနားခြံဝန်းတွေအတွင်း ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ စနစ်တကျတူးဖော်ခြင်း၊ လမ်းမ ကွင်းပြင်တွေထဲရောက်နေတဲ့အခါ နီးစပ်ရာအဆောက်အဦတွေထဲ ပုန်းရှောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကို ထွက်ကြည့်ခြင်းနဲ့ အိမ်အပြင်ထွက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းမျိုး လုံးဝမလုပ်ရန် စတဲ့အချက်တွေကို သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေပျံသန်းတဲ့ အသံကြားပါက ချက်ချင်း ဗုံးခိုကျင်း၊ ဘန်ကာတွေထဲ ပုန်းရှောင်ရန်၊ ပေါက်ကွဲလွှင့်စင်လာတဲ့ ဗုံးအစအနတွေ အထက်ပိုင်းကို ပြန်တက်လာနိုင်တာကြောင့် မြေပြင်မှာ ကပ်နေတာဟာ အန္တရာယ်အကင်းဆုံးဖြစ်တယ် ဆိုတဲ့အချက်တွေကို ဆွေးနွေးပေးခဲ့တယ်လို့  သိရပါတယ်။ 

“ပြည်သူတွေက Telegram Group တွေမှာဆိုရင် လေကြောင်းနဲ့ပတ်သက်ပြီး ကြည့်ရမယ်ဆိုတာ မသိကြဘူး။ Telegram တွေသုံးနေတဲ့သူတွေကအစ မသိကြဘူး။ အဲလိုဆိုတော့ ကျနော်တို့ဆွေးနွေးလိုက်တဲ့အတွက် သိသွားတယ်။ အခုသွားပြောတော့ သူတို့နားလည်သွားတဲ့အတွက် ရှောင်ဖို့ ရှားဖို့ကို သိသွားတာပေါ့ ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်ပြောပါတယ်။

အဆိုပါကျေးရွာထဲကို သွားရောက်ချိန်မှာလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်သွားတဲ့ စာသင်ကျောင်းကိုလည်း ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ထပ်မံပြီးတော့ အဆိုပါလေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #သရက်ခရိုင် #မင်းတုန်းနယ် #ပြည်သူ့ကာကွယ်ရေးတပ်မတော် #လေကြောင်းရန်ကာကွယ်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10