မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး သန်းခေါင်စာရင်းကောက်    ■တမြို့နယ်လုံးကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ ပြော

မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး သန်းခေါင်စာရင်းကောက် ■တမြို့နယ်လုံးကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ ပြော

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်က မြို့ပေါ်ရပ်ကွက်တွေမှာ စတင်ခဲ့ပါတယ်။

အဲ့ဒီလိုကောက်ယူရာမှာ စစ်ကောင်စီက လက်နက်ကိုင်တပ်သားတွေနဲ့ လုံခြုံရေးတိုးမြှင့်ထားပြီး မြို့ပေါ်ရပ်ကွက် ၁၊ ၂၊ ၃ တို့မှာ စတင်ကောက်ယူတာပါ။

"မင်းတုန်း၊ မင်းလှ၊ မင်းဘူးဒေသတွေရဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ ပျူရွာတွေကလွဲလို့ မြို့နယ်အတွင်းက ကျေးရွာအများစုကိုတော့ စကစအနေနဲ့ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။" လို့ ကျောင်းသားလက်ရုံးတပ်တော် - SAF ရဲ့ ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူတာဟာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အပြင် တော်လှန်ရေး အင်အားစုတွေရဲ့ မိသားစုတွေ၊ ထောက်ခံသူတွေ၊ ထောက်ပို့တွေကိုပါ ထိန်းချုပ်ခြိမ်းခြောက်ချင်တဲ့ ရည်ရွယ်ချက်တွေပါနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မင်းတုန်းမြို့နယ်ထဲမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိတွေ့တိုက်ပွဲတွေနဲ့ မိုင်းခွဲတိုက်ခိုက်တာ ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ရခိုင်ရိုးမအစပ် ကျေးရွာတွေနဲ့ မင်းတုန်းမြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာတွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။

"သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ လုပ်စရာရှိတာဆက်လုပ်သွားမှာပါ။ မြို့နဲ့မြို့အနီးတဝိုက်တွေပဲ သူတို့ကောက်ပါတယ်။ တမြို့နယ်လုံး ကောက်နိုင်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။"လို့ မင်းတုန်းမြို့နယ် ပကဖတာဝန်ခံ ကိုဗဟိန်း ကပြောပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ လိုက်ပါကြမယ့် ဝန်ထမ်းတွေကိုလည်း မင်းတုန်းပကဖက သတိပေးစာထုတ်ပြန်ထားခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ သူထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေကို အောက်တိုဘာ ၁ ရက်ကစတင်ပြီး ပြုလုပ်နေပါတယ်။ 

ဓါတ်ပုံ-အောက်တိုဘာ ၁ ရက်နေ့က မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီသန်းခေါင်စာရင်း ကောက်ယူနေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းတုန်း #သန်းခေါင်စာရင်းကောက်ယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10