မင်းတုန်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားတွေအနီး နေထိုင်တဲ့ပြည်သူတွေ ကြိုတင်ရှောင်ရှားထားဖို့ မင်းတုန်းပကဖ ထုတ်ပြန်

မင်းတုန်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်သားတွေအနီး နေထိုင်တဲ့ပြည်သူတွေ ကြိုတင်ရှောင်ရှားထားဖို့ မင်းတုန်းပကဖ ထုတ်ပြန်

မကွေးတိုင်း၊ မင်းတုန်းမြို့ရဲစခန်းဝန်းကျင်နဲ့ စစ်ကောင်စီတပ်သားတွေ အခြေစိုက်တဲ့ အနီးတဝိုက်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့  စက်တင်ဘာ ၁၀ ရက် နောက်ဆုံးထားပြီး ကြိုတင်ရှောင်ရှားပေးဖို့  Mindon Township People Defense Organization က ထုတ်ပြန်ထားပါတယ်။ 

ဘယ်အချိန်တိုက်ပွဲဖြစ်မယ်ဆိုတာ မသေချာပေမယ့် အခုချိန်ဟာ စစ်ကြေညာထားတဲ့ကာလ ဖြစ်တဲ့အတွက် အချိန်မရွေး ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလာနိုင်တာကြောင့် အဆိုပါနေရာတွေကနေ ကြိုတင်ရှောင်ရှားထားကြဖို့ ၊ အကယ်၍ ထိတွေ့မှုဖြစ်ခဲ့ပါက ဒေသခံတွေအနေနဲ့ တိမ်းရှောင်ဖို့ အချိန်ရမှာမဟုတ်သလို တိုက်ပွဲကလည်း ဘယ်နေ့ ဘယ်အချိန်မှာ တိုက်မယ်ဆိုတာကို ကြိုတင်ပြောပြလို့ မရတဲ့အတွက် ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာပေးကြဖို့ကို မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။ 

“ရည်ရွယ်ချက်ကတော့ ရှင်းတယ်လေ။ ရန်သူရှိတဲ့နေရာကို ကျနော်တို့ တရက်မဟုတ် တရက်တော့ ဝင်တိုက် မှာပဲလေ။ ဒီနေ့တိုက်ဖြစ်မလား မနက်ဖြန်တိုက်ဖြစ်မလားဆိုတာကတော့ ကျနော်တို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေအပေါ်မှာပဲ မူတည်တယ်။” လို့ မင်းတုန်းမြို့နယ် ပကဖတာဝန်ခံ ကိုဗဟိန်း က ပြောပါတယ် ။

အကယ်၍ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပါက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကျည်တွေနဲ့ ကာကွယ်ရေး တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ပြည်သူတွေကိုထိခိုက်မှာစိုးတဲ့အတွက် အခုလို ရှောင်ခိုင်းရခြင်းဖြစ်ကြောင်း၊ ထိတွေ့မှုဖြစ်ပြီဆိုရင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်တာတွေပါ လုပ်ဆောင်လာနိုင်တဲ့အတွက် ဒေသခံတွေမခံရအောင် ဘေးလွတ်ရာမှာ ရှိစေချင်ကြောင်း၊ မင်းတုန်မြို့‌ပေါ်မှာ ထိတွေ့တိုက်ပွဲတွေ တခါမှ မဖြစ်သေးတဲ့အတွက် ပြည်သူတွေအနေနဲ့ မပေါ့ဆရအောင် အခုလို ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ် ။

“တော်လှန်ရေးအားကောင်းတဲ့ ဒေသမှာဆိုရင်တော့ ဒီထုတ်ပြန်ချက်က ထုတ်ပြန်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ဒီဘက်က တော်လှန်ရေးအားမကောင်းတဲ့ ဒေသတခုပေါ့။ တွေ့ဖူးကြုံဖူးတာ မရှိဘူးလေ။ အတွေ့အကြုံ မရှိတော့ ရှောင်ရန်ဆောင်ရန်တွေကို နားမလည်ဘူး။ အဲဒါကြောင့်ကျနော်က ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရတာပါ။” လို့ ကိုဗဟိန်း က ဆိုပါတယ် ။ 

မင်းတုန်းမြို့ရဲစခန်းမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လူအင်အားဖြည့်တင်းထားတာမျိုးတွေမရှိဘဲ ပုံမှန်အနေအထားလောက်သာ လူအင်အားရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကလည်း မင်းတုန်းမြို့နယ် ပကဖ တပ်ဖွဲ့ ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းနားကျင်းပတဲ့နေရာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင် ပြုလုပ်သွားပါသေးတယ် ။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းတုန်းမြို့ #ရဲစခန်း #စစ်ကောင်စီ #Mindon #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10