မင်းတုန်းမှာ နယ်မြေစည်းရုံးရေးဆင်းတဲ့ PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်၊ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

မင်းတုန်းမှာ နယ်မြေစည်းရုံးရေးဆင်းတဲ့ PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်၊ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာကို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစည်းရုံးရေးနဲ့ လူထုတွေ့ဆုံရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်သွားချိန် ယာယီတည်းခိုတဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ဝန်းကျင်က နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မင်းတုန်းမြို့နယ်ပကဖဆီက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဟာ ခုန်တိုင်ကျင်းရွာအရှေ့ဘက်ဘုန်ကြီးကျောင်းအနီးတဝိုက်မှာ ဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းသာကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့သလို ဇင်းတောင်ကြောပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်ခွာချိန် ရဲဘော် ၁ ဦးရဲ့ ခေါင်း၊ လက်မောင်းနဲ့ လက်ဖျားတွေမှာ ထိမှန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ဒီစစ်ကြောင်းက ဘယ်ကနေဘယ်လိုရောက်လာလဲဆိုတော့ ဘယ်လိုမှ သတင်းလိုက်လို့မရဘဲနဲ့ ဇင်းတောင်ဆိုပြီးတောင်ကြောရှိတယ်။ အဲဒီတောင်ကြောပေါ်ကနေ ဘွားခနဲပေါ်လာတာ။” လို့ မင်းတုန်းပကဖ တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့ရဲဘော်ကတော့ စိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးလို့ သိရပါတယ်။ 

ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ခုန်တိုင်ကျင်းကျေးရွာထဲမှာ တညအိပ် စခန်းချခဲ့ပြီး နိုဝင်ဘာ ၈ ရက် မနက်မှာတော့ ၅ မိုင်လောက်ဝေးတဲ့ သပြေတောင်ရွာထဲကို ဝင်ရောက်သွား တယ်လို့ ဆိုပါတယ်။ 

နောက်နေ့ မနက် ၈ နာရီလောက်မှာတော့ သပြေတောင်ရွာက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ၆ မိုင်ဝန်းကျင်လောက်ဝေးတဲ့ လယ်ကြီးထောင့်ကျေးရွာထဲကို ဝင်ရောက်သွားကာ တညအိပ်စခန်းချခဲ့တယ်လို့ ဆိုပါတယ်။ 

“သပြေထောင့်ကျေးရွာက ချင်းရွာလေးပေါ့နော်။ အိမ်ခြေက ၁၀ အိမ်၊ ၁၂ အိမ်လောက်ပဲရှိတဲ့ အနေအထားပေါ့။ နေအိမ်တွေကို ရွေးပြီး မီးရှို့သွားတာ။ ဒီဘက်ဒေသမှာ ဒါပထမဦးဆုံး မီးရှို့ခံရတာပါ” လို့ ကိုဗဟိန်းက ဆက်ပြောပါတယ်။

အထက်ပါ စစ်ကြောင်းဟာ နိုဝင်ဘာ ၁၀ ရက် မနက်မှာတော့ ကပစ ၁၂ နဲ့ မင်းတုန်းမြို့နယ် ၅ မိုင်စခန်းကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေ ကျေးရွာတွေထဲကနေ ပြန်လည်ထွက်ခွာသွားပေမယ့်လည်း ဒေသခံတချို့က ကြောက်လန့်ပြီး တောတွေထဲမှာ ရှောင်တိမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေထဲ ဝင်ရောက်ချိန် ဖမ်းဆီးသွားတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းတို့စခန်းထဲ ပြန်ရောက်ချိန် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ခုန်တိုင်ကျင်းရွာ #စစ်ကောင်စီ #ပကဖ #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10