မင်းတုန်းမှာ နှမ်းရိတ်သိမ်းနေတဲ့ပြည်သူတွေကို ပကဖရဲဘော်တွေ ကူညီ

မင်းတုန်းမှာ နှမ်းရိတ်သိမ်းနေတဲ့ပြည်သူတွေကို ပကဖရဲဘော်တွေ ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မြောက်ပိုင်း၊ ရခိုင်ရိုးမတောင်ခြေမှာရှိတဲ့ ဒေသခံတောင်သူတွေရဲ့ နှမ်းစိုက်ခင်းတွေမှာ နှမ်းရိတ်သိမ်းနေတဲ့ ပြည်သူတွေကို စက်တင်ဘာ ၄ ရက်မှာ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကူညီလုပ်ကိုင်ပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဇွန်လအတွင်း စိုက်ပျိုးခဲ့တဲ့ နှမ်းနီ၊ နှမ်းအနက်တွေကို ယခုစက်တင်ဘာလဆန်းပိုင်းမှာ တောင်သူ အများစု နှမ်းရိတ်သိမ်းနေကြချိန် ကူညီပေးတာလို့ ဆိုပါတယ်။ 

"နှမ်းသိမ်းချိန်မှာ မိုးမမိအောင် တချိန်တည်း အလုပ်လုပ်ရတာဖြစ်ပါတယ်။ သူတို့အတွက် အရေးပေါ်လိုအပ်နေချိန်မှာ ကူညီပေးရတာပါ။ ပြည်သူနဲ့ထိတွေ့ပြောဆိုရတော့ ရဲဘော်တွေလည်း စိတ်ဓာတ်ခွန်အားဖြစ်စေတယ်" လို့ မင်းတုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဗဟိန်း က ပြောပါတယ်။

ရိတ်သိမ်းပြီးနှမ်းတွေကို ဝါးတန်းပေါ်မှီကာ ထောင်ထားရသလို နှမ်းပင်တွေခြောက်တဲ့အခါ နေပူတဲ့အချိန်မှာ ရိုက်ခါရတာဖြစ်ပြီး လေလွင့်ဆုံးရှုံးတာနည်းအောင် လုပ်ကြရတယ်လို့ သူကဆက်ပြောပါတယ်။

ယခုနှစ် နှမ်းရိတ်သိမ်းချိန်မှာ မိုးရွာသွန်းတာများတဲ့အတွက် အပင်တွေခါးရိပြီး ယိုင်လဲတာ၊ အသီးစေ့အဆန်မအောင်တာမျိုးတွေရှိပြီး အထွက်နှုန်းလျော့နိုင်တယ်လို့လည်း ကိုဗဟိန်းက ပြောပါတယ်။ 

မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သစ္စာဆိုထားကြသလို လက်နက်ကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ ပြည်သူတွေကိုတတ်နိုင်သမျှ ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။ 

ပုံစာ - နှမ်းစိုက်ခင်းမှာ ကူညီလုပ်ကိုင်နေသည့် ရဲဘော်ရဲမေများကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #သရက်ခရိုင် #နှမ်းစိုက် #တောင်သူ #ပကဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10