မင်းတုန်း၊ ရွာသစ်ရွာ လေယာဉ်ဗုံးကြဲခံရပြီး စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်စီး

မင်းတုန်း၊ ရွာသစ်ရွာ လေယာဉ်ဗုံးကြဲခံရပြီး စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်စီး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ စာသင်ကျောင်းဆောင်နဲ့ နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့  သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ဒီကနေ့ မွန်းတည့်ချိန်လောက်မှာ မကွေးလေတပ်ကပျံသန်းလာတဲ့  စစ်ကောင်စီလေတပ်သုံး တိုက်လေယာဉ် ၁ စီးကနေ ရွာသစ်ကျေးရွာကို  ၃ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကာ လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ထိခိုက်တဲ့ အိမ်တွေမှာ အိမ်ရှင်တွေရှိနေကြပါတယ်။ ကံကောင်းလို့ မဖြစ်ကြပါဘူး။ ‌ပြည်သူတွေကတော့ အတော်လေးတော့ ထိတ်လန့်သွားပါတယ်။ လေယာဉ်ဟာမြန်လွန်းတဲ့အတွက် တိုက်ခိုက်ပြီးမှသာ လေယာဉ်သံကို ကြားရတယ်။ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့လာပစ်တာ။“ လို့  သတင်းတာဝန်ခံ ကိုမြတ်က မြေလတ်အသံကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း ပေါင် ၅၀၀ ဗုံးသီး ၂ ကြိမ်နဲ့ တိုက်ခိုက်တယ်လို့ယူဆလို့ရပြီး ရော့ကတ်နဲ့ပါပစ်ခတ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနိုင်တဲ့အတွက် စစ်ရေးတင်းမာနေတဲ့နေရာ၊  စစ်ရေးပြင်နေတဲ့နေရာတွေနဲ့ နယ်မြေသိမ်းထားတဲ့နေရာတွေက ဒေသခံလူထုအနေနဲ့ လေကြောင်းကို အထူးဂရုစိုက်ပြီး မိမိတို့နဲ့ နီးစပ်တဲ့နေရာတွေမှာ ဗုံးခိုကျင်းတွေ တူးထားဖို့လိုမယ်လို့ တာဝန်ခံကိုမြတ်က ဆိုပါတယ်။

ဩဂုတ် ၂၈ ရက်မနက်ပိုင်းကလည်း မင်းတုန်းပကဖရဲ့အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်နေတဲ့နေရာကို စစ်ကောင်စီတပ်က‌ လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် အချိန်နောက်ကျပြီးတိုက်ခိုက်ခဲ့လို့ သင်တန်းဆင်း တော်လှန်ရေးရဲဘော်တွေ တစုံတရာထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ၎င်းတို့ နယ်မြေဆုံးရှုံးထားတဲ့ဒေသတွေနဲ့ မြေပြင်ထိန်းချုပ်နိုင်မှုအားနည်းရာ နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ယခုစက်တင်ဘာလ ပထမအပတ်အတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ၊ ရှမ်းမြောက်၊ ရခိုင်နဲ့ မကွေး စတဲ့ဒေသတွေက ကလေးငယ်တွေအပါအဝင် အရပ်သားဆယ်နဲ့ချီ သေဆုံးထားပါတယ်။

ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုမြင်ကွင်း

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မင်းတုန်း #လေကြောင်းတိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10