မင်းလှက ပျူခေါင်းဆောင်ဆိုသူကို PDFက သေနတ်နဲ့ပစ်သတ်ပြီး ကားကိုမီးရှို့

မင်းလှက ပျူခေါင်းဆောင်ဆိုသူကို PDFက သေနတ်နဲ့ပစ်သတ်ပြီး ကားကိုမီးရှို့

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ဆိုသူကို သေနတ်နဲ့ပစ်သတ်ပြီး မောင်းနှင်လာတဲ့ ကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့  သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က  သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ အခြောက်မ (ခ) ကိုစံညိုဖြစ်ပြီး စိန်ကန့်လန့် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ၎င်းပိုင်မီးသွေးတင်ဖော(၆ ဘီး)ကားကို မင်းလှဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄၇ အနီးမှာ ညနေ ၃ နာရီလောက်မှာ ကားကိုမီးရှို့ခဲ့တာလို့ဆိုပါတယ်။ 

“အခြောက်မ ပြန်လာမယ်ဆိုတာသိလို့ ကြိုစောင့်နေပြီး သေနတ်နဲ့ ၇ ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပဲ။ ကားကိုလည်း တခါတည်းမီးရှို့ခဲ့တယ်“ လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

ကိုစံညိုဟာ စစ်ကောင်စီနဲ့ပေါင်းကာ စစ်သားတွေကို ပဲခူးရိုးမပေါ်ကိုလိုက်လံပို့ဆောင်တာ၊ PDFစခန်း တွေကို လိုက်လံပြသတာတွေ လုပ်ဆောင်တဲ့အပြင် စစ်သားတွေခိုးရောင်းတဲ့ ပြည်သူပိုင်ကျွန်းသစ်တွေကို ဝယ်ယူနေသူဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ကိုစံညိုဆီကနေ ဖုန်း ၃ လုံးနဲ့ ငွေသား  ၅ သိန်း ၅ သောင်းကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က မင်းလှ၊ လက်ပံတန်းနဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ကုန်တင်ယာဉ်တွေ တက်ရောက်ခွင့်ကို  ဩဂုတ် ၈ ရက်ကစကာ ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း မင်းလှမြို့နယ်၊စိန်ကန့်လန့် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းမှာ မင်းလှမြို့နယ် ခလရ ၁ က တပ်ကြပ်ကြီး ခင်မောင်ကြည်ရဲ့ တပည့်ဖြစ်တဲ့ ကိုချစ်မွှေးနဲ့ ကိုကောင်းစံတို့မောင်းနှင်လာတဲ့  မီးသွေးတွေတင်ဖောကား မီးရှို့ဖျက်ဆီးခံရပြီး သူတို့  ၂ ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အနောက်ခြမ်း #မင်းလှ #ပျူစောထီး #ရှင်းလင်းခံရ #PDF #၃၈၀၂ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10