မင်းလှမြို့နယ် ခလရ(၁) တပ်ရင်းမှာ စစ်သားအင်းအားနည်းလို့ ပြည်သူ့စစ်နဲ့ အင်အားဖြည့်တင်းနေရ

မင်းလှမြို့နယ် ခလရ(၁) တပ်ရင်းမှာ စစ်သားအင်းအားနည်းလို့ ပြည်သူ့စစ်နဲ့ အင်အားဖြည့်တင်းနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာမှာ အခြေစိုက်တဲ့ အမှတ်(၁)ခြေလျင်တပ်ရင်းထဲမှာ နောက်တန်းအင်အား နည်းပါးတာကြောင့် ပြည်သူ့စစ်တွေကိုခေါ်ကာ အင်အားဖြည့်တင်းထားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

အခုနှစ်ဆန်းပိုင်းကစကာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲက နတ်တလင်း၊ ဇီးကုန်း၊ အုတ်ဖိုစတဲ့ မြို့နယ်တွေက ပြည်သူ့စစ်အင်အား ၃၀ ဦးလောက်ကိုခေါ်ကာ အင်အားဖြည့်တင်းထားတာလို့ ဆိုပါတယ်။

အဲ့ဒီတပ်ထဲမှာ တပ်မိသားစုဝင်ကလွဲပြီး နောက်တန်းနေစစ်သား ဒဏ်ရာရသူအပါ ၂၀ ဦးခန့်သာရှိလို့  ပြည်သူ့စစ်တွေနဲ့ အားဖြည့်ရတာလို့ ဆိုပါတယ်။

“တပ်ထဲမှာက မနှစ်(၂၀၂၃)ကတည်းကစပြီး ခြောက်ကပ်နေတာ။ အကျိုးအကန်းပဲ ကျန်တာလေ။ ဒါကြောင့် အခုနှစ်ဆန်းပိုင်းကတည်းက ပြည်သူ့စစ်တွေကို ပျမ်းမျှ တမြို့ ၄၊ ၅ ယောက်လောက်နဲ့ အလီလီ ခေါ်ထည့်ထားရတာ“လို့  ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာ ခလရ ၁ အတွင်း နောက်တန်းကျန် စစ်သားနဲ့ ပြည်သူ့စစ်အပါ အင်အား ၅၀ ဦးလောက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ခလရ ၁ တပ်ဟာ  တိုက်ပွဲအတွင်းသေဆုံးသူ ရှေ့တန်းနဲ့ နောက်တန်းတွေကနေ ထွက်ပြေးသူတွေလည်းရှိသလို ပြီးခဲ့တဲ့နှစ် မေလအတွင်းကလည်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရိန်ကိုယ်တိုင် စစ်မြေပြင်က ထွက်ပြေးဖို့ ကြိုးစားခဲ့လို့ ဖမ်းဆီးစစ်ဆေးတာ ခံရပါသေးတယ်။ 

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၀ ရက် မနက် ၁၁ နာရီလောက်တော့ မင်းလှမြို့နယ်၊ ဘုရားဝင်းရွာ သေနတ်ပစ်ကွင်းမှာ ခလရ ၁ က ပြည်သူ့စစ်တွေကို သင်တန်းပေးနေချိန် ပြည်သူ့စစ်အချင်းချင်း သေနတ်ကိုင် စနောက်ရာက ကျည်ထိမှန်လို့ သင်တန်းသားတဦး ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့နယ် #စိန်ကန့်လန့်ရွာ #ခလရ၁ #ပြည်သူ့စစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10