မင်းလှ‌မြို့နယ်ထွေအုပ်နဲ့ ရဲစခန်းကို PDF ဗုံးသီးချတိုက်ခိုက်

မင်းလှ‌မြို့နယ်ထွေအုပ်နဲ့ ရဲစခန်းကို PDF ဗုံးသီးချတိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို မေ ၁၈ ရက် မနက် အစောပိုင်းက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Yoma Phoenix Drone Force က သတင်းထုတ်ပြန်ထားပါတယ်။

အုပ်ချုပ်ရေးမှူးရုံးကို မနက် ၁ နာရီမထိုးခင်မှာ ဗုံးသီးတလုံးကြဲချပြီး မြို့မရဲစခန်းကိုတော့ မနက် ၂ နာရီကျော်မှာ ဗုံးတလုံးကြဲခဲ့တာလို့  ဆိုပါတယ်။ 

”ထွေအုပ်ရုံးက စကစတွေ အိပ်တဲ့ နေရာကို ဗုံးကြဲချတာပါ။ စစ်**တွေက ဒရုန်းကို သေနတ်နဲ့ လိုက်ပစ်တယ်။ ရုံးအပြင်တော့ ထွက်မလာဘူး။ အဲ့ဒါနဲ့ ရဲစခန်းကို ထပ်ပြီးဗုံးကြဲခဲ့တာ“ လို့ Yoma Phoenix Drone Force ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ရဲဘော် ကိုမောင်က ပြောပါတယ်။

ရဲစခန်းကိုကြဲတဲ့ ဗုံးသီးဟာ စခန်းမကြီးရဲ့ ခေါင်းရင်းခန်းပေါ်ကို ကျကွဲတာဖြစ်လို့ ထိခိုက်မှုရှိနိုင်ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ ဒရုန်းတပ်ဖွဲ့ Yoma Phoenix Drone Force က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မှတ်တမ်းယူနေတဲ့ ဒရုန်းကတော့ ရဲစခန်းပေါ်ကအပြန်မှာထိမ်းမရဘဲ ပျက်ကျဆုံးရှုံးခဲ့တယ်လို့ ရဲဘော်ကိုမောင်က ပြောပါတယ်။ 

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မင်းလှမြို့ခံတဦးကတော့ “ဒရုန်းနဲ့ ကြဲပြီး စစ်အုပ်စုဘက်က မိုးပေါ်ကိုသေနတ်နဲ့   ၁၅ ချက်လောက် ပစ်တာကြားလိုက်တယ်။ စကစဘက်က ထိခိုက်ပျက်စီးမှုတော့ မသိရဘူး။ မနက်ပိုင်းမှာလည်း ထူးထူးခြားခြား လုံးခြုံရေးချ၊ စစ်ဆေးတာမျိုးလည်း မတွေ့မိဘူး” လို့  ပြောပါတယ်။

Yoma Phoenix Drone Force  အနေနဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေကိုလည်း စစ်ကောင်စီအဖွဲ့တွေနဲ့ နီးစပ်တဲ့နေရာတွေမှာမနေကြဖို့ Yoma Phoenix Drone Force ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက် ညကလည်း မင်းလှမြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ လက်ပံတန်းမြို့နယ်၊ ရန်ကုန် - ပြည်လမ်းပေါ်က ကွမ်းခြံကုန်းစစ်ကောင်စီဂိတ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ ကြပါသေးတယ်။

ပုံစာ  - ရှေ့တန်းရောက် YPDF တပ်ဖွဲ့ဝင်နှင့် တိုက်ခိုက်သည့်ဒရုန်း။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ထွေအုပ်ရုံး #ရဲစခန်း #YPDF #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10