မင်းလှမြို့နယ် ပဲခူးရိုးမအစပ်က ဒေသခံတွေ မြို့နားကျေးရွာတွေဆီ ပြောင်းရွှေ့

မင်းလှမြို့နယ် ပဲခူးရိုးမအစပ်က ဒေသခံတွေ မြို့နားကျေးရွာတွေဆီ ပြောင်းရွှေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမအစပ် ကျေးရွာတွေက ဒေသခံတွေ မြို့နဲ့နီးရာ ကျေးရွာတွေထံ ပြောင်းရွှေ့လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၃ ရက်မှစတင်ကာ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်က ဟိုင်းရူးရွာနဲ့ ကျွဲမကိုင်းရွာအပြင် အခြား တောတိုက်တွေထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ မင်းလှမြို့အနီးက စိန်ကန့်လန့်ရွာနဲ့ အခြားနီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

ပြောင်းရွှေ့လာကြသူတွေဟာ မိသားစုလိုက်ပြောင်းရွှေ့လာကြတာမျိုးဖြစ်ပြီး ပဲ၊ နှမ်းတွေကိုလည်း နိုင်သလောက် သယ်ဆောင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“တောင်ပေါ်ကနေ ဆိုင်ကယ်တွေနဲ့ ပဲ၊ နှမ်းတွေကို ပါနိုင်သလောက်သယ်လာပြီး စိန်ကန့်လန့်ကို ပြောင်းလာပြီး ရောင်းချနေတာ။ ဆိုင်ကယ် ၂ စီးပါသူကလည်း တစီးရောင်းပြီး စားရေးသောက်ရေးဖြေရှင်းနေကြတယ်။ ငွေတတ်နိုင်သူတချို့ကဆို စိန်ကန့်လန့်ရွာမှာ အိမ်တွေလိုက်ဌားနေကြတာ။ ပြောင်းလာတဲ့လူဦးရေက အတိအကျမသိရဘူး။  ရာဂဏန်းတော့ရှိမယ်။ တချို့က တောတိုက်တွေထဲမှာနေကြတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့  စက်တင်ဘာလ ၂၁ ရက်က မင်းလှမြို့နယ် ဇာမနီ‌တောင်ပေါ်ဂိတ်ကနေ အင်အား ၁၅ ဦးနဲ့ ခြေလျင်ရှေ့ပြေးဆင်းလာတဲ့စစ်သားတွေကို ပတ်ကွေ့ကြီးတောင်ကြောအဆင်းကနေ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅  ကြားဖြတ်တိုက်ခိုက်ခဲ့လို့  စစ်ကောင်စ်ဘက်က စစ်သား ၂ ထက်မနည်းသေဆုံးခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်မှာတော့ စစ်ကောင်စီတပ်က မင်းလှမြို့နယ် ပဲခူးရိုးမအစပ်က ဇီးချောင်းကုန်းတောတိုက်က ယာတဲ ၃ လုံးကို မီးရိူ့ခဲ့ကြပါသေးတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပဲခူးရိုးမအစပ် ကျေးရွာတွေက ဒေသခံတွေဟာ အခုလို မိသားစုလိုက်ပြောင်းရွှေ့မှုတွေ လုပ်လာကြတာဖြစ်ပါတယ်။

အခုလိုပြောင်းရွှေ့ဖို့ စစ်တပ်က ပြောင်းခိုင်းတာမျိုးကြားရသလို PDF တွေက ပြောင်းခိုင်းတာလို့လည်း သတင်း တွေ ထွက်ပေါ်နေပါတယ်။ 

ကျေးရွာသားတွေ ပြောင်းရွှေ့ကြတာနဲ့ပတ်သက်ပြီး မြေလတ်အသံက သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူဆီကို မေးမြန်းရာမှာ ကျေးရွာသားတွေကို ရွာတွေကနေ တိမ်းရှောင်ခိုင်းတာမျိုး မရှိဘူးလို့ပြောပါတယ်။ 

“ကျနော်တို့ဘယ်ကျေးရွာကိုမှ ရွာတွေက မဖယ်ခိုင်းပါဘူး။ တိုက်ပွဲဖော်ဆောင်တာက ကျေးရွာတွေနားမှာ မလုပ်ဘူး။ တခုတော့ရှိတယ်။ ကျနော်တို့ စစ်ဆင်ရေးနယ်မြေ ပဲခူးရိုးမထဲကို ပြည်သူတွေအနေနဲ့ မသွားလာကြဖို့တော့ မေတ္တာရပ်ခံပါတယ်" လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့တပ်ခွဲမှူးက ပြောပါတယ်။

ပဲခူးရိုးမအနောက်ခြမ်းက မင်းလှ၊ အုပ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်းနဲ့ ပေါင်းတည်မြို့နယ်တွေမှာ မကြာခဏဆိုသလို ထိတွေ့တိုက်ခိုက်မှုတွေရှိပြီး နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်အနည်းဆုံး ငါးထောင်နဲ့အထက်ရှိတယ်လို့လည်း သိရပြီး အချို့ဟာ မြို့ပေါ်နဲ့နီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့ကြကာ တောတောင်တွေထဲမှာ နေထိုင်ကြသူတွေလည်းရှိတယ်လို့ သိပါတယ်။ 

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မင်းလှမြို့နယ် #စိန်ကန့်လန့် #စစ်ရှောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10