မင်းလှမြို့နယ်မှာ PDF စခန်းကို သိမ်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ပြေး

မင်းလှမြို့နယ်မှာ PDF စခန်းကို သိမ်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စခန်းစီးနင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၈ ရက် မွန်းလွှဲ ၁ နာရီမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲက ရှားတောရဲကင်းစခန်းဟောင်းမှာ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က နိုဝင်ဘာဆန်းလောက်ကစကာ ယာယီစခန်းချနေတာပါ။

စစ်ကောင်စီစစ်ကြောင်းကလည်း စခန်းချနေတဲ့ ဟိုင်းယုရွာအနီးကနေ အင်အား ၄၃ ဦးနဲ့ တိုက်ခိုက်ဖို့လာချိန် စခန်းအနီးအရောက်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာ အချိန်  ၂ နာရီခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။

"စကစဘက်က စစ်သား ၃ ဦးကတော့ နေရာမှာတင် အတုံးအရုန်းလဲကျသေကုန်တာ" လို့ ၃၈၀၂ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 စစ်ကြောင်းမှာ အရပ်သားအသွင်ဆောင်သူတွေလည်းပါဝင်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ငယ်ကျည် ၅ တောင့်၊ စကားပြောစက် ၁ လုံး၊ ဓါတ်ဆီ ၁ လီတာနဲ့ ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရအပြီး စစ်ကောင်စီစစ်ကြောင်းဟာ အလောင်းတွေကိုသယ်ပြီး ဟိုင်းယုရွာဘက်နဲ့ ဘန့်ဘွေးကုန်းရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ 

ရှားတောရဲကင်းစခန်းဟောင်းဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီဘက်က အသုံးမပြုလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ယာယီကင်းစခန်းအဖြစ် အသုံးပြုနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်ကနေ ဆင်းလာတဲ့ အင်အား ၁၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ခါချဥ်တောင်အနီးမှာ ၃၈၀၂ တပ်ခွဲ ၅ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိတဲ့ ပစ္စည်းတချို့။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့နယ် #စခန်းစီးနင်း #စစ်ကောင်စီ #စစ်ကြောင်း #ပဲခူးရိုးမ #ခါချဉ်တောင် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10