သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျွန်းကုန်းကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ဆီက သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှာဖွေဖို့ ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ငလှစမ်းရွာကနေ အင်အား ၃၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာ နဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျွန်းကုန်းကျေးရွာ၊ ချောင်းမကြီးတံတားအရောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။
“စခ ၃ ကောင်ထွက်ပြေးလို့ နောက်ကလိုက်ရှာတဲ့ ငလှစမ်းဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စခ တွေနဲ့ မထင်မှတ်ဘဲ တိုက်ပွဲဖြစ်သွားတာ။ စမ်းဘုတ်ရွာ စစ်ဆေးရေးဂိတ်က စစ်သား ၃ ယောက်ထွက်ပြေးသွားတာ။ သူတို့ကို ခလရ ၁ ကနေပို့ထားတာ။” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး၊ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်ကလည်း ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ စခ ၂ ကောင်သေ၊ ၅ ကောင်ဒဏ်ရာရတာက မျက်မြင်တွေ့တာပါ။ တိုက်ပွဲကအနီးကပ်ဖြစ်တာ သေနတ်နဲ့ အနီးကပ်ပစ်ရတာပါ။ သေနေတာမြင်ရပါတယ် လဲရုံလဲတာမဟုတ်ဘူး။” လို့ အထက်ပါ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ ငလှစမ်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကာ ငလှစမ်းရွာဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတာကြောင့် ရွာကဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြသလို ရွာမှာဆက်လက်နေထိုင်သူတချို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။
ဒေသအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အနီးအနားမှာ သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်လည်း မင်းလှမြို့နယ်အပိုင် ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို ကျွန်းကုန်းကျေးရွာ ချောင်းမကြီးတံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပုံစာ - ၂၀၂၄ ဩဂုတ် ၂၄ ရက် ပဲခူးရိုးမ၊ ဆင်တလင်းကျေးရွာအနီးတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #မင်းလှမြို့ #ကျွန်းကုန်းကျေးရွာ #ငလှစမ်းရွာ #တိုက်ပွဲ
Share Share Share