မင်းလှမှာ ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ပကဖ ထုတ်ပြန်

မင်းလှမှာ ခြိမ်းခြောက်ငွေတောင်းခံသူတွေကို ထိရောက်စွာအရေးယူမယ်လို့ ပကဖ ထုတ်ပြန်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက် ငွေတောင်းခံတာတွေရှိနေတဲ့အတွက် အခုလို လုပ်ဆောင်သူတွေကို သိရှိပါက ထိရောက်စွာအရေးယူမယ်လို့ သြဂုတ် ၂၃ ရက်ဒီနေ့မှာ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလာပါတယ်။ 

မင်းလှမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကျေးရွာအချို့က NLD ပါတီဝင် ၂ ဦးရဲ့ နေအိမ်ရှေ့မှာ အခုရက်ပိုင်းအတွင်း စာပို့ခြိမ်းခြောက်ငွေတောင်းခံရပြီးနောက် အခုလို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ 

"စာချခံရတဲ့သူတွေက ကြောက်နေကြတာ၊ သွားလည်းမပေးရဲဘူး။ သွားပေးလို့ စကစနဲ့တိုးရင် PDFထောက်ပို့ဖြစ်ဦးမယ်။ ရွာဘက်ကလူတွေကို ထပ်ပြီးကြောက်အောင်လုပ်နေတာ၊ ကျနော်တို့လည်း ပြည်သူအမြင်ရှင်းအောင် သေချာစုံစမ်းပြီးမှ ထုတ်ပြန်ခဲ့တာပါ "လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။

မြေလတ်အသံကဖတ်ခွင့်ရတဲ့ ခြိမ်းခြောက်ငွေတောင်းစာမှာတော့ လူဦးရေများတဲ့အတွက် ရိက္ခာဝယ်ရန် ငွေ  ၅ သိန်းလိုအပ်ကြောင်း ငွေလာပေးချိန်မှာ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ သိရှိပါက အန္တရာယ်ရှိနိုင်တယ်ဆိုကာ ရေးသားထားပြီး ဘယ်အဖွဲ့ဆိုတာကိုတော့ ရေးသားထားတာမျိုး မတွေ့ရပါဘူး။

မင်းလှမြို့နယ်အတွင်း အရင်ကခုလိုခြိမ်းခြောက်ငွေတောင်းခံတာမျိုးမရှိဘဲ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာတော့ အခုလိုခြိမ်းခြောက်ငွေတောင်းခံမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်တာမဟုတ်ဘဲ စစ်ကောင်စီနဲ့ လက်ပါးစေအချို့က ပြည်သူနဲ့ PDF တွေအကြား အထင်အမြင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းနဲ့ လုပ်ဆောင်သူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ပကဖ #သတိပေး #ထုတ်ပြန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10