မင်းလှမှာ စစ်ကောင်စီက စခန်းပြန်ရရန် ၃ ကြိမ်ကြိုးပမ်း၊ သေဆုံးဒဏ်ရာရသူများရှိပြီး စခန်းပြန်မရသေး

မင်းလှမှာ စစ်ကောင်စီက စခန်းပြန်ရရန် ၃ ကြိမ်ကြိုးပမ်း၊ သေဆုံးဒဏ်ရာရသူများရှိပြီး စခန်းပြန်မရသေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲက မီးရှို့ဖျက်ဆီးအသိမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ရဲ့ ခါချဥ်တောင်ကင်းစခန်းကို ပြန်လည်သိမ်းပိုက်ဖို့လာတဲ့စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ၁၀ ဦးထက်မနည်းသေဆုံးသူတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ခါချဥ်တောင်ကင်းစခန်းဟာ စက်တင်ဘာ ၉ ရက်က  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တိုက်ခိုက်သိမ်းယူကာ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီဟာ အဲ့ဒီကင်းစခန်းကို ပြန်ရဖို့ အင်အား ၃၀ လောက်နဲ့ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေကလည်း စစ်ကြောင်းထိုးတာတွေ လုပ်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်အရာရှိတွေဟာ လုံခြုံရေးအကြောင်းပြကာ အဲ့ဒီကင်းစခန်းကနေ နိုင်ငံပိုင်ကျွန်းသစ်တွေကို ကိုယ်တိုင်ခိုးထုတ်တာ ပုဂ္ဂလိကသစ်ခိုးထုတ်သူတွေ၊ မီးသွေးဖုတ်သူဆီကနေ လိုင်းကြေးကောက်တာအပြင် ဒေသခံတွေစားဝတ်နေရေးအတွက် မျှစ်ချိုးသူ၊ ဝါးခုတ်ရောင်းသူတွေဆီကနေ ငွေကြေးတောင်းယူတာတွေကို အဓိကထားလုပ်ဆောင်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် စက်တင်ဘာ ၁၆ ရက်မှာလည်း အဲ့ဒီစခန်းကိုပြန်လည်သိမ်းယူဖို့ စစ်ကောင်စီတပ်က ဖောကား ၂ စီး အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာရာ ခါချဉ်တောင်အလယ်ကြောအရောက်မှာ ဒေသကာကွယ်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ ၁ နာရီ နီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

 “ သူတို့တောက်ပေါ်တက်လာတာကို ကျနော်တို့က လူအင်အားလက်နက်အင်အားအသာနဲ့ အပေါ်စီးကပစ်ရတာ ကားမောင်းသူကိုမှန်ပြီး ကားက ထိုးရပ်သွားတာ။ အဲ့ဒီမှာဆက်ပစ်တာမှာ အတုံးအရုန်းပဲ သေကုန်တာ" လို့ ပြန်ကြားရေးတာဝန်ခံပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်နိုင်တာမရှိလို့ လက်နက်ကောက်ယူဖို့ကြိုးစားချိန် စစ်ကောင်စီဘက်က အင်အား ၄၀ လောက် စစ်ကူရောက်လာပြီး လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူ ၅ ဦးကို မျက်မြင်တွေ့ခဲ့ပြီး ကင်းထောက်အဖွဲ့တွေဆီက သတင်းအရ ၁၀ ဦး ထက်မနည်းသေဆုံးကာ ထိခိုက်သူနဲ့ သေဆုံးသူ စုစုပေါင်း ၁၇ ဦးရှိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူနဲ့ဒဏ်ရာရသူတွေကို ပရဟိတအသင်းယာဉ်အပါ ကား ၃ စီးနဲ့ မင်းလှမြို့ဘက်ကို သယ်ဆောင်သွားသလို ပျက်စီးသွားတဲ့ဖောကားကိုလည်းပြန်လည်ဆွဲယူသွားတယ်လို့ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာပဲ မင်းလှမြို့နယ်နဲ့ နယ်မြေထိစပ်တဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲကို တက်လာတဲ့ စစ်ကြောင်းကိုလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိ ခဲ့ပါသေးတယ်။

ပုံစာ - စက်တင်ဘာ ၉ ရက်တွင် မီးရှို့ဖျက်ဆီးခံရသည့် ခါချဉ်တောင်စစ်ကောင်စီကင်းစခန်း (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မင်းလှမြို့နယ် #ပဲခူးရိုးမ #မီးရှို့ဖျက်ဆီး #စခန်းသိမ်း #ခါချဉ်တောင် #ကင်းစခန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10