မင်းလှမှာ စစ်ကောင်စီက ယောက်ျားဖြစ်သူကို မမိလို့ ဇနီးနဲ့သားကိုဖမ်းပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်း

မင်းလှမှာ စစ်ကောင်စီက ယောက်ျားဖြစ်သူကို မမိလို့ ဇနီးနဲ့သားကိုဖမ်းပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က အမျိုးသားတဦးကို စစ်ကောင်စီက ဖမ်းဆီးရာ မတွေ့ရှိလို့ဇနီးနဲ့သားကိုဖမ်းကာ နေအိမ်ကိုချိပ်ပိတ်ပြီး ပိုင်ဆိုင်မှုတွေကိုသိမ်းယူသွားတယ်လို့  ဒေသခံတဦးဆီက သိရပါတယ်။ 

မင်းလှမြို့နယ်အရှေ့ဘက်၊ ရွေးကုန်းအုပ်စု၊ စမ်းကြီးရွာလမ်းခွဲက မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ကိုအေးနိုင်ကို စစ်တပ်က စက်တင်ဘာ ၁၅ ရက်က နေအိမ်ကိုဝင်ရောက်ဖမ်းဆီးတဲ့အပြင် စက်တင်ဘာလ ၄ ရက်ကလည်း ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ မမိခဲ့ဖူးလို့ သိရပါတယ်။

၂ ကြိမ်တိုင်ဖမ်းဆီးရာမှာ မတွေ့လို့ ဒုတိယအကြိမ်မှာ ဇနီးသားနဲ့ကိုဖမ်းကာ အိမ်ကိုချိပ်ပိတ်ပြီး ဖောကား ၁ စီး၊ ၆ ဘီးကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ မီးသွေးအိတ် ၃၀ နဲ့ ဆန်တွေကိုသိမ်းယူသွားတာလို့ ဆိုပါတယ်။

“ကိုအေးနိုင်က လွတ်သွားတယ် ရှာလို့မတွေ့ဘူး။ သူ့မိန်းမကိုအိမ်မှာဖမ်းပြီး သူ့သားလေးကိုလည်းကျောင်းအထိလိုက်သွားပြီး ဖမ်းခေါ်သွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကိုအေးနိုင်ဟာ စီးပွားရေးကိုသာ လုပ်ကိုင်သူဖြစ်ပြီး နိုင်ငံရေးစိတ်ဝင်စားမှုမရှိဘူးလို့ ဆိုပါတယ်။

“သူ့အလုပ်ပဲသူလုပ်နေတာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာလည်းမပါဘူး။ ဘာနိုင်ငံရေးမှမပါဘူ။ စီးပွားတက်နေတာကို မနာလိုလို့တိုင်တာဖြစ်မယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကိုချိုးဖောက်ပြီး အာဏာသိမ်းတာဖြစ်လို့ မည်သည့်လုပ်ဆောင်ချက်မဆို ဥပဒေနဲ့မညီဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ် - NPLUF က တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။

"ယောက်ျားကိုမတွေ့လို့ မယားကိုဖမ်းတယ် သားသမီးကိုဖမ်းတယ်ဆိုတာ ဘယ်လိုရာဇဝတ်ကျင့်ထုံးဥပဒေ ပြဌာန်းချက်နဲ့ဖမ်းတာလဲ။ တည့်တည့်ပြောရမယ်ဆိုရင်  ဥပဒေကိုချိုးဖောက်ပြီးတော့ စစ်ကောင်စီကိုယ်တိုင်ကိုက တရားမဲ့ပြုကျင့်မှုတွေလုပ်နေတယ်ဆိုတာကို တထစ်ချပြောရဲတယ်" လို့ တရားလွှတ်တော်ရှေ့နေစောဘဦးလေးက ပြောပါတယ်။

ရာဇဝတ်ကြောင်းရဲ့ သဘောသဘာဝမှာ နစ်နာသူကိုယ်စား တရားစွဲလို့မရသလို တရားခံကိုယ်စား တခြားသူတယောက်ကိုလည်း ဖမ်းလို့မရဘူးဆိုတဲ့ ရာဇဝတ်ကျင့်ထုံးရဲ့ ကန်သတ်ချက်ကိုလည်း သိဖို့လိုပါတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဝရမ်းကပ်တာနဲ့ပတ်သက်ပြီးလည်း ရာဇဝတ်ကျင့်ထုံးပါ ဥပဒေအရ ပြဌာန်းချက်တွေဆိုရင် ဝရမ်းကပ်ခွင့် အခွင့်အာဏာဟာ သမ္မတရဲ့အခွင့်အာဏာကို သက်ဆိုင်ရာတရားရုံးတွေက အကောင်အထည်ဖော်ရတဲ့သဘောဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းထားလို့ တရားစီရင်ရေးယန္တရားတခုလုံးဟာ လွတ်လပ်ပြီး  တရားမျှတမှုကိုဖော်ဆောင်ပေးနိုင်တဲ့ ဥပဒေနဲ့ညီညွတ်တဲ့ တရားစီရင်ရေးမဟုတ်ဘူးဆိုတာလူတိုင်းသိပြီး လက်ရှိမင်းအောင်လှိုင်နဲ့ စစ်ကောင်စီအနေနဲ့သော်လည်းကောင်း ပြည်သူလူထုတွေရဲ့ အိုးအိမ်အဆောက်အဦတွေကို ဝရမ်းကပ်သိမ်းဆည်းတာဟာ ဥပဒေမဲ့ပြုကျင့်မှုဖြစ်သလို တရားမဲ့ပြုကျင့်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာ ၁၆ ရက်မနက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စုကျောင်းကုန်းရွာက NLD ထောက်ခံသူတဦးရဲ့နေအိမ်ကို ပေါက်ခေါင်းရဲတပ်ဖွဲ့ကအင်အား ၁၂ ဦးလောက်နဲ့ လာရောက်ချိပ်ပိတ်ပြီး ငှားရမ်းထားတဲ့လုပ်ငန်းသုံးယာဉ်ငယ် ၁ စီး၊ စက်သုံးဆီအရောင်းပန့်၊ မြက်ရိတ်စက်၊ ဆိုလာ၊ ဘက်ထရီအိုးနဲ့၊ ထမင်းစားကျွန်းစားပွဲတို့ကိုလည်း သိမ်းယူသွားခဲ့ပါသေးတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ပေါင်းတည်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ နေအိမ်ကိုချိပ်ပိတ်စဉ်ကလည်း နေအိမ်တွင်းက အဖိုးတန်ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးခဲ့ကြတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ချိပ်ပိတ် #ပြည်သူလူထု #ပိုင်ဆိုင်မှု #စစ်ကောင်စီ #ဖျက်ဆီးသိမ်းယူ #မိသားစု #ဖမ်းဆီး #ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင် #မင်းလှ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10