မင်းလှမှာ စစ်ကောင်စီတပ်နဲ့ PDF လေးရက်ကြာတိုက်ပွဲဖြစ်(ရုပ်/သံ)

မင်းလှမှာ စစ်ကောင်စီတပ်နဲ့ PDF လေးရက်ကြာတိုက်ပွဲဖြစ်(ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF လေးရက်ကြာတိုက်ပွဲအတွင်း သေနတ်တလက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။

မင်းလှမြို့နယ် ပဲခူးရိုးမတောင်ခြေအစပ်မှာ မတ်လ ၇ ရက်ကနေ ၁၀ ရက်အထိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅  နဲ့ ဒဂုံစစ်ကြောင်းတို့ပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခဲ့တာပါ။ 

မတ်လ ၈ ရက် ညနေ ၅ နာရီလောက်ကဖြစ်ပြီး ဧက ၁,၀၀၀ ကျွန်းစိုက်ခင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ချိန်မှာ MA – 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၆၀ မမ ၁ လက်နဲ့ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ခြင်းကျား ၂ ခု၊ ဆိုလာပြား ၁ ချပ်နဲ့  အခြားအသုံးအဆောင်အချို့ ကို သိမ်းယူနိုင်ခဲ့တာလို့ ပြောပါတယ်။

မတ်လ ၁၁ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမအစပ်က ဟိုင်းယုလမ်းဆုံမှာ စစ်ပြင်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့  ပြောပါတယ်။

မင်းလှမြို့နယ်ဟာ ပဲခူးရိုးမ အနောက်ခြမ်းမှာ တည်ရှိပြီး ပဲခူးရိုးမအရှေ့ခြမ်းက ကျောက်တံခါးမြို့နယ်နဲ့  နယ်မြေထိစပ်နေတာလည်း ဖြစ်ပါတယ်။

တည်းဖြတ်- ဟယ်ရီ

#မြေလတ်အသံ

#ပဲခူးတိုင်းသတင်း #မင်းလှသတင်း #မင်းလှတိုက်ပွဲ #တိုက်ပွဲ #စစ်ကောင်စီ #PDF #ပဲခူးရိုးမ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10