မင်းလှမှာ စစ်တပ်က ပြောင်းခိုင်းလို့ ဒေသခံ ၁ ထောင်ကျော်နေရပ်စွန့်ခွာရ

မင်းလှမှာ စစ်တပ်က ပြောင်းခိုင်းလို့ ဒေသခံ ၁ ထောင်ကျော်နေရပ်စွန့်ခွာရ

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်က ကျေးရွာတွေကို စစ်တပ်ကပြောင်းရွှေ့ခိုင်းလို့ ဒေသခံ ၁ ထောင်ဝန်းကျင်နေရပ်စွန့်ခွာနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပဲခူးရိုးမအစပ်က ဗိုလ်ရုံ၊ ပျဉ်းကတိုးခင်း၊ ဟိုင်းရူးလမ်းပေါက်၊ ဝါးယားကျေးရွာတွေက ဒေသခံတွေကို စက်တင်ဘာ ၁၇ ရက်က စစ်ကောင်စီစစ်ကြောင်းက ပြောင်းရွှေ့ဖို့ပြောဆိုခဲ့တာလို့ ဆိုပါတယ်။ 

“စစ်တပ်က ၃ ရက်အတွင်းပြောင်းရမယ်လို့ပြောသွားပြီး နောက်ရက်တွေမှာပြောင်းကြတာ ဒီနေ့ထိပြောင်းနေကြတုန်းပဲ။ ရွာလုံးကျွတ်ပြောင်းနေကြတာ။ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းလောက်နဲ့  ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းလည်းပြောင်းရတယ်။ ရွာသားတွေရဲ့ တောင်ယာတဲ ၃ လုံးကိုလည်း မီးရှို့သေး တယ်“လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက အခုပြောင်းရွှေ့ခိုင်းတဲ့ကျေးရွာတွေဟာ ယခင်က ဗကပကိုချေမှုန်းဖို့ ဖြတ်လေးဖြတ်လုပ်ခဲ့စဉ် ပြောင်းရွှေ့ခိုင်းတဲ့ ကျေးရွာတွေပါဝင်ပြီး အခုလိုပြုလုပ်တာဟာ ပြည်သူတွေကို အခြေပျက်အောင် လုပ်တာ ဖြစ်ပြီး မတရားပြုကျင့်နေကြတာလို့မြင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ အဲဒီကျေးရွာသားတွေဟာ မင်းလှမြို့နဲ့ စစ်ကွင်းမြို့တို့အပြင် ကျောင်းရွာ၊ ဘန့်ဘွေးကုန်း၊ ကျွဲမကိုင်း၊  စိန်ကန့်လန့် ၊ဒီးဒူးပင်၊ ဘုတ်သိုး၊ ဘုရားဝင်းရွာတို့မှာအိမ်ဌားနေထိုင်သူတွေရှိသလို အသိမိတ်ဆွေအချို့ထံ မှီခိုနေထိုင်ကြပြီး ကြတယ်လို့ဆိုပါတယ်။ 

ပြောင်းရွှေ့စဉ်မွေးမြူထားတဲ့ နွား၊ ဆိတ်၊ ကြက်နဲ့ ရိတ်သိမ်းလက်စ မြေပဲ၊ နှမ်း စတဲ့တောင်ယာသီးနှံတွေကို စစ်ကောင်စီက သယ်ခွင့်မပေးတာနဲ့ပတ်သက်ပြီး ပြည်သူတွေကို ရိက္ခာဖြတ်တောက်တာလို့လည်း ပြောပါတယ်။

လက်ရှိမှာ နေရပ်စွန့်ခွာသူတွေရောက်ရှိနေတဲ့ ကျောင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ကျွဲမကိုင်းရွာတွေက ကျောင်းတွေနဲ့ အောင်ဆန်းမြိုင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတို့ကိုလည်း စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ထားတယ် လို့ဆိုပါတယ်။  

စစ်ကောင်စီက ဒေသခံတွေကို အခုလိုပြောင်းရွှေ့ခိုင်းတာဟာ စက်တင်ဘာလ ၉ ရက်မှာ မင်းလှ PDF က မင်းလှမြို့နယ် ပဲခူးရိုးမထဲရှိ စစ်ကောင်စီရဲ့ ခါချဉ်တောင်ဂိတ်စခန်းကို  စခန်းသိမ်းမီးရှို့ခဲ့ပြီးနောက် အခုလို ပြောင်းရွှေ့ခိုင်းတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အင်အားရာဂဏန်းလောက်နဲ့ ဟိုင်းရူး၊ ဘန့်ဘွေးကုန်း၊ ကျွဲမကိုင်း၊ စမ်းဘုတ်ရွာ တွေမှာ တပ်ဖြန့်ထားသလို ခါချဉ်တောင်မှာလည်း တပ်ပြန်ထိုင်နေပြီး မင်းလှမြို့နယ်နဲ့ နယ်မြေထိစပ်တဲ့ အုတ်ဖိုမြို့နယ်ထဲက ဆည်ရွာ၊ မီးချောင်းတင်ရွာ စတဲ့ရွာတွေကိုပါ ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#ပဲခူးတိုင်း  #မင်းလှမြို့နယ်  #ပဲခူးရိုးမ #ဖြတ်လေးဖြတ် #စစ်တပ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10