မင်းလှမှာ စိတ်မကျန်းမာသူတဦးကို စစ်တပ်က ရိုက်နှက်ရာက မျက်လုံးထွက်သေဆုံး

မင်းလှမှာ စိတ်မကျန်းမာသူတဦးကို စစ်တပ်က ရိုက်နှက်ရာက မျက်လုံးထွက်သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့က စိတ်ကျန်းမာရေးမကောင်းသူတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ရာမှာ မျက်လုံးထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ မင်းလှမြို့နယ် ရှားကုန်းရွာနေ အသက် ၅၅ နှစ်အရွယ် ကိုပြားဖြစ်ပြီး မင်းလှမြို့ မြောက်ဘက်တန်းလမ်းမှာရှိနေချိန် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးလှခိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဇူလိုင် ၇ ရက် ည ၁၀ နာရီလောက်က ရိုက်ခဲ့တာဖြစ်ပြီး နောက်တရက် ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာ မင်းလှဆေးရုံမှာပဲ သေဆုံးတာလို့ ဆိုပါတယ်။

“သွေးအိုင်ထဲမှာ လဲနေတာကို ခရီးသွားတွေက မြင်ပြီး ပရဟိတကားနဲ့ ဆေးရုံပို့ကြတာ။ လူနာက မျက်လုံး တဖက် ပြူးထွက်နေတယ်။ စိတ်မကောင်းမှန်း တမြို့လုံးသိတယ်။ မြို့ခံတွေလည်း မကျေနပ်ကြဘူး” လို့ မင်းလှမြို့ခံတဦးက ပြောပါတယ်။

ကိုပြားဟာ စိတ်ပုံမှန် မဟုတ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ သွားလာပြီး ကြုံရာမှာပဲ အိပ်သူဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူအလောင်းကို မနေ့မွန်းလွဲပိုင်းမှာပဲ မြို့ခံပရဟိတအသင်းတခုက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းလှမြို့မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်မထားဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညစဉ်ကင်းလှည့်ပြီး မြို့ခံတွေက လည်း ည ၉ နာရီခန့်အထိသာ နောက်ဆုံးထားသွားလာကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၆ ရက် ညကလည်း မင်းလှမြို့နယ် လှည်းပြင်တင်အုပ်စု ဘုရားကွင်း - အင်တောသာရွာသား ကိုဇော်ထိုက်ကို စစ်တပ်က နေအိမ်ကနေ ဖမ်းဆီးသွားပြီး သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - မင်းလှမြို့က စစ်ကောင်စီတပ်သားများ(ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မင်းလှမြို့ #စိတ်မကျန်းမာသူ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10