မင်းလှမှာ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လာသူ ထပ်မံအသတ်ခံရ

မင်းလှမှာ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လာသူ ထပ်မံအသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အရှေ့ဘက်ရှိ စစ်ကောင်စီက ဖမ်းထားတဲ့ စမ်းဘုတ်အုပ်ချုပ်ရေးမှူး နေရာမှာ အစားဝင်တဲ့ အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ဇူလိုင် ၁၉ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ 

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ မင်းလှမြို့နယ် စမ်းဘုတ်ရွာသား ကျော်မင်းအောင်ဖြစ်ပြီး ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်က လက်ပံတန်းမြို့နယ်ဘက်ကို ဆိုင်ကယ်စီးသွားချိန် မင်းလှမြို့နယ်၊ ရှားဖြူကွင်းရွာနဲ့ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာကြားမှာ PDF ပူးပေါင်းအဖွဲ့တွေက သေနတ်နဲ့  ၂ ချက်ပစ်ခဲ့လို့  ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အသတ်ခံရသူ ကျော်မင်းအောင်ဟာ ပြီးခဲ့တဲနှစ် ဒီဇင်ဘာ ၁၀ ရက်က  စစ်ကောင်စီကဖမ်းသွားတဲ့ စမ်းဘုတ် အုပ်ချူပ်ရေးမှူး ဦးရခိုင်နေရာမှာ အစားဝင်လုပ်သူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက်က ၉ နာရီဝန်းကျင်က သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၂ က မင်းလှမြို့နယ် အနောက်ဘက် ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကိုအောင်မြင့်ဦးကို သေနတ်နဲ့ပစ်သတ်အပြီး နာရီပိုင်းအကြာမှာ ကျော်မင်းအောင်ကို ထပ်မံပစ်သတ်ခဲ့တာဖြစ်ပါတယ်။ 

“သူက တယောက်တည်း လက်ပံတန်းမြို့နယ်ဘက်ကို ဆိုင်ကယ်နဲ့ သွားတာကို သတင်းရထားလို့ လမ်းတလျှောက်ကနေ အဖွဲ့တွေခွဲစောင့်ပြီး ရှင်းခဲ့တာ။ အလောင်းကိုတော့  အဲဒီနေ့ ညနေပိုင်းမှာ စစ်အုပ်စုက မင်းလှဆေးရုံကို သယ်သွားတယ်” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတူးက ပြောပါတယ်။ 

ကျော်မင်းအောင်ဟာ ပျူစောထီးသင်တန်းတက်ရောက်ထားတဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တဦးဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ အချက်အလက်တွေ၊ စခန်းတည်နေရာတွေကို သတင်းပေးတဲ့အတွက် စခန်းစီးနင်းခံရကာ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့သလို စစ်ကောင်စီဆီကို မမှန်သတင်းတွေပေးတဲ့အပြင် ပြည်သူတွေ ကျေးရွာအတွင်း မနေနိုင်အောင် အမျိုးမျိုး ဒုက္ခပေးသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။                                      

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၆ တို့ပေါင်းကာ တိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။ 

အလားတူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့လို့ သေသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ အစားဝင်တဲ့ ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ် ဓားသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ဝင်းကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် ညပိုင်းမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ -  သေဆုံးသူ ကျော်မင်းအောင်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့ #စစ်ကောင်စီ #စမ်းဘုတ်ရွာ #အုပ်ချုပ်ရေးမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10