မင်းလှမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုရှိ

မင်းလှမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာ  စစ်ကောင်စီစစ်ကြောင်းနဲ့   ဒေသခံပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့တို့  ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုတွေရှိတယ်လို့   သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ မြို့ချောင်းကနေ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ သဗြုချောင်းတံတားအနီးကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ဦးခန့်ပါ စစ်ကောင်စီတပ်သားတွေကို ဒေသခံပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းနဲ့  ရန်ကုန် မြောက်ပိုင်းခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ က ရဲဘော်တွေပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု တနာရီကျော်ကြာခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်သား ၇ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ ဇွန် ၁ ရက် မွန်းတည့်ချိန်လောက်ကလည်း တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို ကျောက်တံတားမြို့နယ် ၁၂ မိုင်ကနေလာတိုက်တဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့  ၃၈၀၂ တပ်ခွဲ  ၅တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ 

အဲဒီနေ့ မွန်းတည့်ချိန်လောက်မှာ ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို စစ်ကောင်စီတပ်က  လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ လာတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ကျည်ဆံနဲ့  ခဲယမ်းမလုံလောက်တဲ့အတွက် စခန်းမှ ဆုတ်ခွာပေးခဲ့ရလို့  စခန်းရှိ ဆိုင်ကယ် ၃၀ စီး၊ ရိက္ခာသယ် ကား ၂ စီးလည်း ဆုံးရှုံးပျက်စီးခဲ့ရတယ်လို့  သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ရဲဘော် ၂ ဦးဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃၈၀၂ တပ်ခွဲ ၅ က ရဲဘော်ကိုလင်းနဲ့  ရဲဘော်ကျော်မင်းတို့  ၂ ဦးဖြစ်ပြီး စစ်ကောင်စီတပ်ကပစ်တဲ့ ဗုံးစထိမှန်ပြီသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“၁ ရက်နေ့ မနက်က တက်လာတာကို ကျနော်တို့က သတင်းမရလိုက်ဘူး ကားလမ်းအတိုင်း တက်လာမယ်ထင်ပြီးစောင့်နေတုန်း စခန်းထဲကို ချောင်းထဲကနေ ဝင်ချလာတာမှာ ရဲဘော် ၂ ယောက်က  ကျသွားတာ“ လို့   သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က  တာဝန်ရှိသူတဦးက  ပြောပါတယ်။

သေဆုံးသွားတဲ့ရဲဘော် ၂ ဦးရဲ့အလောင်းကို အဲ့ဒီနေ့ ဇွန်လ၁ရက် ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မင်းလှမြို့နယ် ၅၄ မိုင် အနီးမှာ တပ်စွဲထားတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေထပ်ဖြစ်လာနိုင်သေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ပဲခူးရိုးမအတွင်း သွားလာတာတွေ မပြုလုပ်ဖို့နဲ့  စစ်ဆင်ရေးတွေ  ဆက်လက်ဖော်ဆောင်နိုင်ဖို့ ကူညီပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ‌နောက်ဆုံးပတ်ရက်တွေကလည်း  ပဲခူးရိုးမအစပ်က ကျောက်တံခါးမြို့နယ်အပိုင် မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း  ၁၂ မိုင်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့  ဗျူဟာစစ်ကြောင်းတို့ နှစ်ဘက်ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ပုံစာ -  မင်းလှမြို့နယ် ပဲခူးရိုးမ အစပ်မှာတွေ့ရသည့် စစ်အုပ်စုဝင်တွေ(ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီခရိုင် #မင်းလှမြို့နယ် #ပဲခူးရိုးမ #စစ်ကောင်စီ #စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10