မင်းလှရဲတပ်ဖွဲ့ကို ငွေရှာပေးနေတဲ့ မင်းလှ-မိုးညိုကားလမ်းဘေးက လောင်းကစားဝိုင်း

မင်းလှရဲတပ်ဖွဲ့ကို ငွေရှာပေးနေတဲ့ မင်းလှ-မိုးညိုကားလမ်းဘေးက လောင်းကစားဝိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အနောက်ဘက် ၅ မိုင်ကျော်အကွာက ကျေးရွာတရွာမှာ မင်းလှရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားအချို့ကိုငွေပေးပြီး နေ့တိုင်းနီးပါး လောင်းကစားဝိုင်းလုပ်နေတာကြောင့် ဒေသခံတွေလည်း ပစ္စည်းလုယက်ခိုးယူခံရမှာကို စိုးရိမ်နေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

အဲဒီလောင်းကစားဝိုင်းဟာ မင်းလှမြို့နယ်၊ မင်းလှ-မိုးညို ကားလမ်းဘေးရှိ အင်းဘုတ်ကုန်းအုပ်စု၊ အင်းဘုတ်ကုန်းရွာတောင်ဘက် သဲကောတံတားထိပ်မှာ ၂၀၂၂ လောက်ကတည်းက စတင်ကာ လောင်းကစားရုံတည်ဆောက်ပြီး လေးကောင်ဂျင်ဝိုင်းနဲ့ ကြက်တိုက်ဝိုင်းတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

“သဲကောရွာက လှခိုင်နဲ့ သူ့တပည့်ဆိုးပေတို့က ဦးဆောင်လုပ်နေတာ။ အဲဒီလောင်းကစားဝိုင်းက ရငွေတွေနဲ့ မင်းလှက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်အပြင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနဲ့စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တို့ကို ဆက်ကြေးပေးပြီး လုပ်နေတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလောင်းကစားဝိုင်းကို မင်းလှရဲတပ်ဖွဲ့ဝင်တွေနဲ့ ခလရ ၁ စိန်ကန့်လန့်တပ်က စစ်သားတွေက လုံခြုံရေးယူပေးတဲ့အပြင် ကိုလှခိုင်နဲ့ ကိုဆိုးပေတို့ကလည်း သေနတ်ကိုယ်စီကိုင်ကာ လောင်းကစားဝိုင်းကိုတိုင်ရင် သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

အင်းဘုတ်ကုန်းရွာ၊ သဲကောရွာနဲ့ အုန်းပင်ပေါက်ရွာက ရွာသားအချို့လည်း အဲ့ဒီလောင်းကစားဝိုင်းမှာ အရှုံးပေါ်ပြီး လယ်နဲ့ယာမြေတွေကို ကိုလှခိုင်ဆီမှာပေါင်ကာ ကြွေးဆပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှ၊ မိုးညို၊ နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း စတဲ့မြို့နယ်တွေမှာ လောင်းကစားဝိုင်းထောင်သူတွေက စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ စရဖကို ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင်လာဆောင်လာသလို တချို့လောင်းကစားဝိုင်းတွေမှာဆိုလည်း စစ်သားနဲ့ရဲတွေက လုံခြုံရေးယူပေးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါလောင်းကစားဝိုင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ် ၁၇ ရက်ကလည်း စစ်ကောင်စီကိုဆက်ကြေးပေးထားတဲ့ မိုးညိုမြို့နယ်၊ ရေကင်းနယ်မြေရဲစခန်းအနောက်ဘက်ရှိ လောင်းကစားဝိုင်းတခုကို မိုညိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ -  ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းတခု။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #လောင်းကစားဝိုင်း #စစ်ကောင်စီ #ဆက်ကြေးပေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10