မင်းလှ ကပစ(၁၀)ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် NLD ပါတီဝင် ၅ ဦးဖမ်းဆီးခံရ

မင်းလှ ကပစ(၁၀)ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် NLD ပါတီဝင် ၅ ဦးဖမ်းဆီးခံရ

မကွေးတိုင်း၊ သရက်ခိုင်ခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် NLD ပါတီဝင် ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၇ ရက် မနေ့က ည ၈ နာရီခွဲအချိန်မှာ ပူးပေါင်းတပ်ဖွဲ့တွေက အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုန်း (၂) လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ People’s Revolution Alliance (PRA – Magway) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတဦးက ပြောပါတယ်။

“ကျနော်တို့ပစ်လိုက်တဲ့ လျှော့တိုက်ဒုန်းတွေကြောင့် သူတို့ လက်နက်စက်ရုံကထပ်ဆင့်ပေါက်ကွဲမှုတွေနဲ့ မီးလောင်ပျက်စီးသွားတဲ့ အခြေအနေတွေကို ထိန်းသိမ်းနေရတာနဲ့တင် ကျနော်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်ပစ်ခတ်တာမျိုးတွေ မလုပ်ဆောင်ခဲ့ပါဘူး” လို့ သူကဆိုပါတယ်။

ကာကွယ်ရေးစက်ရုံကို သွားရောက်ပစ်ခတ်ပြီး ဒီနေ့ ဧပြီလ ၈ ရက်နေ့ မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မင်းလှမြို့နယ် ကုန်းကြီးရွာက NLD ပါတီဝင် ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ Upper Minhla P.D.F တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်**တွေဘက်က ထိခိုက်မှုအခြေအနေက စုံစမ်းဆဲပါ။ လက်ရှိမှာ NLD ပါတီဝင် ၅ ဦးကိုဖမ်းသွားပါပြီ။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ပါတီဝင် ၅ ဦးရဲ့ အချက်အလက်နဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မြေလတ်အသံသတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

People’s Revolution Alliance (PRA – Magway) အနေနဲ့ အမှတ် (၁၀) ကာကွယ်ရေးစက်ရုံကို သွားရောက်ပစ်ခတ်တာ ပထမအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို People’s Revolution Alliance (PRA – Magway) ၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ) ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF) နဲ့အတူ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မစ်ရှင်တွေကြောင့် ကပစ စက်ရုံရဲ့ လုံခြုံရေးကို တိုးမြှင့်ထားတာ၊ ကင်းအထပ်ထပ် ချထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10