မင်းဝံတောင်ရိုးတိုက်ပွဲ စစ်ကောင်စီအကျအဆုံးများလို့ လေကြောင်းပစ်ကူခေါ်ရ

မင်းဝံတောင်ရိုးတိုက်ပွဲ စစ်ကောင်စီအကျအဆုံးများလို့ လေကြောင်းပစ်ကူခေါ်ရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ ကောလင်းကြားမှာရှိတဲ့ မင်းဝံတောင်ရိုးမြောက်ဘက်မှာ KIA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၇ ရက် ဒီနေ့ မနက် ၃ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိတဲ့အတွက် မနက် ၁၀ နာရီကျော် လောက်မှာ Mi 35 ရဟတ်ယာဉ်တစီးနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာတဝိုက်ကို ၁ နာရီနီးပါး လာရောက် ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မင်းဝံတောင်ရိုးတောင်ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထီးချိုင့်ပကဖတပ်ဖွဲ့တို့ ထိန်ချောင်းတံတားနားမှာလည်း အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

“လေယာဉ်နဲ့က မင်းဝံတောင်ရိုးနေရာကိုပဲ ၁၇ ပတ်လောက်ပတ်ပြီး လာပစ်သွားတာ။ အခုချိန်ထိလည်း ထိတွေ့ပစ်ခတ်မှုက ဖြစ်နေတုန်းပဲ။ **တွေဘက်က တော်တော်ကျတယ်လို့ကြားတယ်” လို့ ထီးချိုင့်ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အဆိုပါရဟတ်ယာဉ်ဟာ ကောလင်းဘက်ကို ဆက်လက်ပျံသန်းသွားသလို အခုချိန်ထိလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှု ပြင်းထန်နေဆဲဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ ၃ နာရီထိုးခါနီးမှာလည်း မြစ်ကြီးနားကနေတက်လာတဲ့ ဂျက်ဖိုက်တာလေယာဉ် ၂ စီးဟာ ထီးချိုင့်မြို့တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့  ညောင်ပင်သာတိုက်နယ်ရွာက ဆေးရုံကို လာရောက်ပစ်ခတ်သွားခဲ့ပါသေးတယ်။

အခုလို စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်တဲ့အတွက် ထီးချိုင့်နယ်က ကျေးရွာတွေဖြစ်တဲ့ တောမရွာ၊ ဒိုးပင်ရွာ၊ မိချောင်းအိုက်ရွာ၊ မုဒ်ဝရွာနဲ့ မရတိမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်ကလည်း ပျဉ်စုရွာနဲ့ ထန်းကုန်းရွာကြားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က အကျဆုံးများတဲ့အတွက် အဲဒီနေ့ကလည်း လေယာဉ်နဲ့ လာရောက် ပစ်ခတ်သွားခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့် #ကောလင်း #မင်းဝံတောင်ရိုး #KIA #စစ်ကောင်စီ #တိုက်ပွဲ #ရဟတ်ယာဉ် #လေကြောင်းတိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10